အိုမင်းရင့်ရော်မှု နှေးကွေးစေပြီး အရွယ်တင်ကျန်းမာစေမယ့် ရိုးရှင်းတဲ့နည်းလမ်း ၉ သွယ်

လူတိုင်းဟာ ငယ်ရွယ်နုပျိုချင်ကြသူတွေချည်းပါပဲ။ အမျိုးသမီးတွေဆိုရင်လည်း အသက်အရွယ်ကြီးလာရင် အသားအရေကို ပိုထိန်းသိမ်းလာကြပါတယ်။ လူတိုင်းဟာ ဇရာကိုမလွန်ဆန်နိုင်ပေမဲ့ အိုမင်းရင့်ရော်မှုကိုတော့ အနည်းနဲ့အများ နှေးကွေးသွားအောင် ထိန်းသိမ်းနိုင်ပါတယ်။ အဲဒီလိုနည်းလမ်းတွေကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ အဲဒီနည်းလမ်းတွေဟာ ရိုးရှင်းပေမဲ့ ထိရောက်မှုတော့ရှိပါတယ်။


၁။  ဘဝနေထိုင်မှုပုံစံ



သင်တို့ရဲ့ ဘဝနေထိုင်မှုပုံစံက သင်တို့ရောက်ရှိနေတဲ့ အသက်အရွယ်အပေါ်မှာ အများကြီးသက်ရောက်မှု ရှိနေပါတယ်။ စိုးရိမ် ပူပန်မှုတွေများတဲ့ နေထိုင်မှုပုံစံက သင့်ခန္ဓာကိုယ်ဆဲလ်တွေကို မြန်မြန်ဆန်ဆန် ပျက်စီးစေပြီး ပျက်စီးသွားတဲ့ဆဲလ်တွေ ပြန်လည် အစားထိုးဖြည့်တင်းမှုကိုလည်း နှေးကွေးစေပါတယ်။ တစ်ရက်ကို မိနစ် ၃၀ လောက် လေ့ကျင်ခန်းပြုလုပ်ပေးပြီး ဆေးလိပ် သောက်တတ်သူ ဖြစ်ရင်လည်း ဆေးလိပ်ဖြတ်သင့်ပါတယ်။ အဲဒီလိုအလေ့အကျင့်ကောင်းတွေက သင့်ကို ၁၂ နှစ်လောက်ပိုပြီး အသက်ရှည်စေနိုင်ပါတယ်။


၂။ မျှမျှတတစားသုံးပါ


သိပ္ပံညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် အစားကို အာဟာရပြည့်ဝစွာ မျှမျှတတစားသုံးခြင်းက အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါတွေ ဖြစ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ အဲဒါကြောင် အစားကို ပုံမှန် စားသုံးပေးသင့်သလို အလွန်အကျွံစားသုံးခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဒါ့ပြင် fast food နဲ့ ပြုပြင်စီမံ ထားတဲ့ အစားအစာတွေလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားစရာတွေကိုလည်း ရှောင်ကြဉ်ရမှာပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားစရာတွေ အလွန်အကျွံစားသုံးခြင်းက ကျန်းမာရေးကိုတင်မက ရုပ်ပိုင်းဆိုင်ရာကို လည်း လျင်မြန်စွာ အိုမင်းရင့်ရော်စေပါတယ်။


၃။ စိတ်အခြေအနေ


အသက်အရွယ်ရလာလေ သင့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေက အရေးကြီးလာလေပါပဲ။ အမြဲတမ်း စိတ်ပူပင် နေရမယ်၊ ဖိအားတွေ များနေရမယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေသလို ရုပ်ကိုလည်း ပိုရင့်စေပါတယ်။ စိတ်ချမ်းချမ်းသာသာ ရှိမယ်ဆိုရင်တော့ သင့်ရဲ့ဆဲလ်အဟောင်းတွေကို အသစ်ပြန်လည်အစားထိုးရာမှာ မြန်ဆန်ပြီး သင့်ကိုလည်း အရွယ်တင်နုပျိုစေပါတယ်။ အဲဒါကြောင့် စိတ်ပျိုကိုယ်နုလို့ ဆိုတတ်ကြတာပါ။


၄။ သင်ချစ်တဲ့သူတွေနားမှာပဲ နေထိုင်ပါ


သင့်အတွက် လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်မှာနေထိုင်ခြင်းက သင့်စိတ်ကိုပျော်ရွှင်ချမ်းမြေ့စေတာကြောင့် အသက်ပိုရှည်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက် အရဆိုရင် အသက်ကြီးတဲ့အထိ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးနေတဲ့သူတွေ ဒါမှမဟုတ် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားသူတွေဟာ တခြားသူတွေထက်စာရင် အိုမင်းရင့်ရော်မှု နှေးကွေးပါတယ်။ သုတေသနပြုချက်အရဆိုရင် ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့အတွက် အနည်းဆုံးသူငယ်ချင်း ၆ ယောက် ရှိဖို့ လိုအပ်ပါတယ်။


၅။ ဦးနှောက်ကိုအလုပ်ပေးပါ


ကိုယ်ကာယလေ့ကျင်ခန်းလုပ်ခြင်းက အရေးကြီးသလိုပဲ သင့်ရဲ့ဦးနှောက်ကိုလည်း လေ့ကျင်ပေးဖို့ မမေ့ပါနဲ့။ စာအုပ်ဖတ်ခြင်း၊ နိုင်ငံခြားဘာသာစကားလေ့လာသင်ယူခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားတက်ကြွမှုကိုဖြစ်စေတဲ့ ဂိမ်းတွေကို ကစားပေးပါ။ သင့်ဦးနှောက်ကို အမြဲတက်ကြွလှုပ်ရှားနေအောင် အလုပ်ပေးထားခြင်းက အရွယ် မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။ မကြာခင်က လေ့လာတွေ့ရှိချက်တွေရ လေ့လာသင်ယူ ခြင်းဟာ ဦးနှောက်ကိုနုပျိုငယ်ရွယ်အောင် ထောက်ကူပေးမယ့် နယူရွန်အရေအတွက်ကို တိုးပွားလာစေပါတယ်။


၆။ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ cosmetics တွေကို ပိုသုံးပါ


သင်က မိတ်ကပ်နဲ့ cosmetics ကြိုက်သူဆိုရင် ဓာတုပစ္စည်းများတဲ့ မိတ်ကပ်တွေသုံးမယ့်အစား သဘာဝပစ္စည်း တွေနဲ့ ပြုလုပ်ထားတဲ့ မိတ်ကပ်မျိုးကို ရွေးချယ်အသုံးပြုပါ။ ဓာတုပစ္စည်းတွေများတဲ့ မိတ်ကပ်တွေက သင့်ရဲ့ အသားအရေကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ပြင် မိတ်ကပ်အသုံးပြုပြီးဆိုရင်လည်း နေ့တိုင်း မျက်နှာကို စင်ကြယ်အောင်သန့်စင်ဖို့ မမေ့ပါနဲ့။


၇။ ၁၅ မိနစ်လောက် နေရောင်ခြည်နဲ့ထိတွေ့ပေးပါ


အခုခေတ်မှာ နေလောင်ဒဏ်နဲ့ နေရောင်ခြည်ကြောင့်ဖြစ်တဲ့ ရောဂါများစွာကြောင့် အမျိုးသမီးအတော်များများ ဟာ နေကို ရှောင်ရှားလေ့ရှိကြပါတယ်။ နေရောင်ခြည်နဲ့ထိတွေ့ပါများရင် လျင်မြန်စွာ အိုမင်းရင့်ရော်ခြင်းနဲ့ တခြားရောဂါတွေ ဖြစ်စေတာမှန်ပေမဲ့ ယူကေက ကင်ဆာသုတေသနတစ်ခုမှာ နေ့အချိန်မှာ sunscreen မပါဘဲ ၁၅ မိနစ်နဲ့ နေရောင်နဲ့ထိတွေ့ပေးသင့်တယ်လို့ အကြံပေးထားပါတယ်။ အဲဒီလိုပြုလုပ်ခြင်းက ကင်ဆာရောဂါ မဖြစ်စေဘဲ သင့်အတွက်လိုအပ်တဲ့ ဗီတာမင် D ဓာတ်ကို ရရှိစေပြီး သင့်ကို ကျန်းမာနုပျိုစေနိုင်ပါတယ်။


၈။ မကြာခဏ ကခုန်ပေးပါ


လေ့လာတွေ့ရှိချက်အသစ်အရဆိုရင် ကခုန်ခြင်းဟာ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကကွက်တွေပြောင်းလဲပြီး လှုပ်ရှားကခုန်ခြင်းက သင့်ရဲ့ ဦးနှောက်ကို ရွှင်လန်းစေပြီး ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ရာလည်း ရောက်တာကြောင့် သင့်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။


၉။ စောစောအိပ်ပါ


အိပ်ချိန်မှန်ခြင်းနဲ့ အိပ်ရေး၀၀အိပ်ခြင်းဟာ အလွန်အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ ည ၁၁ နာရီနဲ့ မနက် ၃ နာရီကြား အိပ်စက်ချိန်အတွင်းမှာ ဆဲလ်အသစ်လဲလှယ်ပြီး အာဟာရဓာတ်တွေ ရရှိစေတာ ကြောင့် ည ၁၁ နာရီ ဒါမှမဟုတ် ၁၁ နာရီမတိုင်ခင် အိပ်ရာဝင်သင့်ပါတယ်။ လူတစ်ယောက်အနေနဲ့ တစ်ညကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်ချိန်ရှိသင့်ပါတယ်။ အဲဒါကြောင့် အိပ်စက်ချိန် ၇ နာရီထက် နည်းတဲ့သူတွေဟာ အရင်ထက် တစ်နာရီစောပြီး အိပ်ရာဝင်သင့်ပါတယ်။ အဲဒီအခါသိသိသာသာ ပြောင်းလဲမှုကို တွေ့မြင်ရမှာဖြစ်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း နှေးကွေးစေပါတယ်။


by Cherry Mon
Ref; Brightside  

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။