မအောင့်နိုင်ဘဲ လေလည်မိတာကြောင့် အဖမ်းခံလိုက်ရတဲ့ ဝရမ်းပြေးရဲ့ဖြစ်ရပ်

လေလည်တာဟာ လေလည်သူရဲ့ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိစေတဲ့ အရာတစ်ခုပါ။ လေလည်တာ ဟာ အောင့်ထားရင် ကျောရိုးထဲကနေတဆင့် ဦးနှောက်ထဲရောက်သွားနိုင်တာကြောင့် အောင့်မထားကြဖို့လည်း ပြောဆို နောက်ပြောင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ သင်ဟာ အချိန်မှားနေရာမှားမှာတော့ လေမလည်မိဖို့ လိုသလို နေရာမရွေးလေလည်ချင်သူဆိုရင်လည်း သင့်အနေနဲ့ ဝရမ်းပြေးတစ်ယောက် မဖြစ်ဖို့လိုပါတယ်။


USA Today သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်ရဲတပ်ဖွဲကနေ အလိုရှိနေတဲ့ ဝရမ်းပြေး တစ်ယောက်ဟာ သူ့ရှိနေတဲ့နေရာကို မတော်တဆ ပြသလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီဝရမ်းပြေးဟာ သူပေါက်မယ့်အီးကို ဦးနှောက်ထဲအရောက်မခံဘဲ အပြင်ကိုထုတ်ပြီး ပေါက်ချလိုက်တာကြောင့်ပါပဲ။


အဲဒီလူဟာ ပုန်းအောင်းနေတဲ့နေရာမှာ အကျယ်ကြီးအီးပေါက်ချလိုက်မိတာကြောင့် အဲဒီအီးပေါက်သံဟာ သူ့ကို လိုက်ရှာနေကြတဲ့ ရဲအရာရှိတွေသတိပြုမိသွားစေဖို့ လုံလောက်အောင်ကို ကျယ်သွားခဲ့ပါတယ်။ Clay County ရဲဌာနက share ထားတဲ့ ဆန်းပြားလှတဲ့ ဆိုရှယ်မီဒီယာပို့စ်မှာလည်း အဲဒီလူဟာ အီးအကျယ်ကြီးပေါက်လိုက်မိ တာကြောင့် အဖမ်းခံလိုက်ရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ပိုမိုသိရှိလိုတဲ့ ဒေသတွင်းရုပ်သံတစ်ခုရဲ့ တောင်းဆိုချက်အရ ရဲတပ်ဖွဲ့ကလည်း ပြန်လည်ဖြေကြားခဲ့ ပါတယ်။ အဲဒီလိုဖြေကြားရာမှာ အဲဒီဝရမ်းပြေးဟာ ကန့်သတ်ပစ္စည်းတွေ ရောင်းဝယ် ဖောက်ကားမှုကြောင့် Clay County ကနေ အလိုရှိနေခဲ့တာဖြစ်ကြောင်း သိရပါတယ်။


အဲဒီအကြောင်းကို Twitter စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပြီး အဲဒီပို့စ်ကိုမြင်ရသူအပေါင်းလည်း အတော်လေးကို ရယ်မောမိခဲ့ကြပါတယ်။ City of Liberty ရဲ့ တရားဝင် Twitter မှာလည်း အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ရယ်ရွှင်ဖွယ်ဖြစ်အောင် တင်ခဲ့ပါသေးတယ်။ အဲဒီပို့စ်မှာ ဝရမ်းပြေးတရားခံရဲ့ အနံ့ပြင်းတဲ့ အခိုးအငွေ့တွေ လေထုထဲတက်လာတာကြောင့် အခုလိုဖမ်းဆီးမိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်းနဲ့ ကံကောင်းလို့ ဘယ်သူမှ ဒဏ်ရာမရခဲ့ကြောင်းတို့ကို အရွှန်းဖောက်ပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။


လေလည်တာကို ထိန်းနိုင်ဖို့ခဲယဉ်းပါတယ်။ ဒါပေမဲ့ အခုလိုမပေါက်သင့်တဲ့ အချိန်မှား နေရာမှားမှာ ပေါက်မိရင်တော့ ဗူးပေါ်သလို ပေါ်လာနိုင်တာကြောင့် ခိုးပြီးလေလည်တတ်ဖို့တော့ လိုပါလိမ့်မယ်။


by Cherry Mon
Ref; Good Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။