စပရိုက်လုပ်ဖို့ မိုင်ပေါင်း၁၅၀၀ကနေ လာခဲ့ပေမယ့် ဖောက်ပြန်နေတာကိုတွေ့လိုက်ရတဲ့ ကောင်လေး

ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့သူက ကိုယ့်နောက်ကွယ်မှာ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ် မိတယ်ဆိုတာ ပျော်စရာကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူကို တခြားတစ်ယောက်နဲ့ တွဲတွေ့ရရင် သေလောက်အောင် ခံစားရမှာပါ။ အခုလည်း Twitter မှာ သတင်းလေးတစ်ခု ပျံ့နှံ့နေပြန်ပါပြီ။

Post မှာ တင်ထားတဲ့ စာသားအရ ဝက်ဝံရုပ်ဝတ်စုံ ဝတ်ထားတဲ့ကောင်လေးဟာ အနေဝေးတဲ့ ချစ်သူကောင်မလေးဆီကို စပရိုက်လုပ်ဖို့ ရောက်လာခဲ့တာပါ။ သူဟာ ကောင်မလေးနဲ့ တွေ့ဖို့ ၂၄၀၀ ကီလိုမီတာ (မိုင်ပေါင်း ၁၄၉၁ မိုင်) အဝေးကနေ လာခဲ့ရတာပါ။ စပရိုက်လုပ်ဖို့ ရောက်လာပေမယ့် တကယ်တမ်း စပရိုက်ဖြစ်သွားတဲ့သူက သူကိုယ်တိုင် ဖြစ်သွားခဲ့ပါတယ်။

သူ့ရဲ့ချစ်သူကောင်မလေးဟာ တခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာရောက်နေတာကို တွေ့လိုက်ရတဲ့အခါ သူအရမ်းကို ဆွံ့အသွားခဲ့ပါတယ်။ ဝက်ဝံရုပ်ခေါင်းစွပ်ကို ချွတ်လိုက်ပြီး အကြောင်သား ငေးကြည့်နေခဲ့မိပါတယ်။ ကောင်မလေးကလည်း သူ့ကို တစ်စုံတစ်ယောက်ကြည့်နေမှန်း သတိထားမိသွားပြီး ဘေးဘီကို ကြည့်လိုက်မိတဲ့အခါ ကောင်လေးကို တွေ့သွားပါတော့တယ်။

ကောင်လေးလည်း ဝက်ဝံခေါင်းစွပ်ကို ပြန်စွပ်ပြီး ဘာတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်ခဲ့ပါတယ်။ သူ့မျက်ရည်တွေကို ဖုံးဖို့ ခေါင်းစွပ်ပြန်စွပ်တာ ဖြစ်လောက်ပါတယ်။ ကောင်မလေးက အနောက်ကနေ လိုက်ဆွဲခဲ့ပေမယ့် လက်ကိုပုတ်ချပြီး သူလမ်းဆက်လျှောက်ခဲ့ပါတယ်။ ကောင်မလေးကလည်း အတင်းလိုက်ပြီး ဖက်ထားခဲ့ပေမယ့် သူကတော့ ဘာမှ မတုံ့ပြန်တော့ပါဘူး။ အဲဒီနောက်တော့ သူတို့နှစ်ယောက် ဘာဆက်ဖြစ်မယ်ဆိုတာတော့ သူတို့နှစ်ဦးအသိဆုံး ဖြစ်မှာပါ။

ဒီအဖြစ်အပျက်လေးက တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ကောင်လေးက ကောင်မလေးမွေးနေ့မှာ အံ့သြသွားအောင် အကြောင်းမကြားဘဲ ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ကောင်လေးကို သနားဂရုဏာဖြစ်မိတဲ့ သူတွေက ဒီပုံလေးတွေကို Weibo မှာ ပထမဆုံးတင်ခဲ့တာပါ။ Comment တွေမှာလည်း သစ္စာမရှိတဲ့ မိန်းမကို စွန့်ပစ်ခဲ့ဖို့၊ ခွင့်မလွှတ်ဖို့ နှစ်သိမ့်အားပေးထားကြပါတယ်။

Related image

ဒီလို အဖြစ်အပျက်တွေကို ရုပ်ရှင်ထဲမှာပဲ ရှိတယ်လို့ ထင်ထားကြတယ်မလား။ တကယ်တော့ အပြင်လောကမှာလည်း ဒီထက်ဆိုးတဲ့ သစ္စာဖောက်ခံရခြင်းများစွာနဲ့ ကြုံတတ်ကြပါတယ်။ တကယ်ကြုံလာတဲ့အခါ ကိုယ်ချစ်တဲ့သူကို စွန့်ပစ်လိုက်ဖို့ဆိုတာလည်း အရမ်းကို ခက်ခဲပါတယ်။ ဒါပေမဲ့ ယုံကြည်မှုဆိုတာ မှန်တစ်ချပ်လိုပဲ။ ကွဲသွားရင် ပြန်ဆက်ဖို့ ခက်နေပါလိမ့်မယ်။ မရရအောင် ပြန်ဆက်ရင်လည်း အက်ကွဲကြောင်းတွေနဲ့ အသုံးမဝင်တဲ့ မှန်တစ်ချပ်ကို တစ်သက်လုံး ကြည့်သွားရတော့မယ် မဟုတ်လား။

Image result for break up

သေချာတာတစ်ခုက တကယ်ချစ်တဲ့သူကတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး ဆိုတာပါပဲ။ ကိုယ့်ကို မချစ်လို့မှ ကိုယ့်အတွက် မငဲ့ညှာတဲ့သူကို လွှတ်ချတတ်ဖို့ လိုပါတယ်။ နောက်တစ်ခုက တကယ် မချစ်တော့ဘူးဆိုတာ သေချာမှ သစ္စာဖောက်ပါ။ ကိုယ့်အပေါ် သိပ်ကောင်းတဲ့ ချစ်သူတစ်ယောက်ကို တကယ်မလိုအပ်တော့ဘူးဆိုမှ ကျောခိုင်းပါ။ နောင်တဆိုတာ နောင်မှရနေလည်း အလကားပါပဲ။

Ref; www.worldofbuzz.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။