ကမ္ဘာတစ်လွှားက ထူးခြားဆန်းပြားတဲ့ အမူအကျင့်နဲ့ ဓလေ့ထုံးတမ်းများ

နိုင်ငံနဲ့ လူမျိုးတွေကွဲပြားကြသလို တစ်နိုင်ငံနဲတစ်နိုင်ငံ၊ လူမျိုးတစ်စုနဲ့ တစ်စုလည်း ဓလေ့ထုံးတမ်းချင်း ကွာခြား ကြပါတယ်။ တချို့နေရာဒေသတွေက တချို့လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေဟာဆိုရင် အံ့သြသင့်စရာကောင်း လောက်အောင် ထူးခြားဆန်းပြားပါတယ်။ အဲဒါကြောင့် Bright Side က ဖော်ပြပေးထားတဲ့ အခုခေတ်အထိ ရှိနေသေးတဲ့ ထူးခြားဆန်းပြားတဲ့ ဓလေ့ထုံးတမ်းတွေအကြောင်းကို ဝေမျှပေးလိုက်ပါတယ်။


၁။ အိမ်သာသုံးစက္ကူမသုံးတဲ့ အိန္ဒိယနိုင်ငံ


အိန္ဒိယနိုင်ငံက သန့်စင်ခန်းတွေမှာ အများအားဖြင့် အိမ်သာသုံးစက္ကူမရှိတတ်ကြပါဘူး။ အကြောင်းကတော့ အိန္ဒိလူမျိုးတွေဟာ အညစ်အကြေးသန့်စင်တဲ့အခါ စက္ကူအစား ရေကိုပဲအသုံးပြုတတ်ကြလို့ ဖြစ်ပါသတဲ့။ အဲဒါ ကြောင့် အိမ်သာအိုးဘေးမှာ ရေကိုပုံးလိုက် ထားထားတတ်ကြပါတယ်။ အိမ်သာသုံးစက္ကူသုံးစွဲခြင်းဟာ အိမ်သာ ပိုက်တွေကို ပိတ်စေပြီး အပိုဖြုန်းတီးမှုဖြစ်တယ်လို့ ယူဆကြတာကြောင့်ပါပဲ။


၂။ လက်ထပ်ပြီးတဲ့နောက် သန့်စင်ခန်းမသုံးရတဲ့ အင်ဒိုနီးရှား


အင်ဒိုနီးရှားနိုင်ငံက Tidong ဆိုတဲ့ လူမျိုးစုမှာ မင်္ဂလာမောင်နှံတွေဟာ လက်ထပ်ပြီး ၃ ရက်ကြာတဲ့အထိ သန့်စင်ခန်းမသုံးရတဲ့ ထူးဆန်းတဲ့ ဓလေ့တစ်ခုရှိပါတယ်။ အဲဒီ ၃ ရက်အတွင်း သန့်စင်ခန်းသုံးရင် သူတို့ရဲ့ လက်ထပ်မင်္ဂလာမှာ ကံဆိုးခြင်းတွေကျရောက်တတ်တယ်လို့ အယူရှိကြလို့ပါပဲ။ အဲဒီရိုးရာကို မဖောက်ဖျက်မိ အောင် မိသားစုဝင်တွေက ဝိုင်းဝန်းစောင့်ကြည့်ကြရပြီး အပေါ့အလေးမသွားချင်အောင် အဲဒီရက်မှာ အစာနဲ့ရေ ကို နည်းနည်းပဲ စားသောက်ကြရပါတယ်။


၃။ တံတွေးထွေးပြီးနှုတ်ဆက်တဲ့ Maasai လူမျိုးစု


နိုင်ငံအတော်များများမှာ တံတွေးထွေးတာကို ရိုင်းတယ်လို့ သတ်မှတ်ထားကြပါတယ်။ ကင်ညာနဲ့ မြောက်ပိုင်း တန်ဇန်နီးယားမှာ နေထိုင်ကြတဲ့ Maasai လူမျိုးစုတွေကတော့ တံတွေးထွေးခြင်းဟာ သူတို့ပြုလုပ်နေကျ နှုတ်ဆက်နည်းဖြစ်ပြီး လေးစားမှုကို ပြသရာလည်း ရောက်ပါသတဲ့။ အဲဒီမျိုးနွယ်စုဝင်တွေဟာ အချင်းချင်း လက်ဆွဲမနှုတ်ဆက်ခင် လက်တွေကို တံတွေးအရင်ထွေးကြတယ်လို့ ဆိုပါတယ်။ မွေးကင်းစကလေးငယ်တွေနဲ့ သတို့သမီးတွေကိုလည်း တံတွေးထွေးပေးခြင်းနဲ့ ကံကောင်းမှုတွေ ယူဆောင်ပေးနိုင်တယ်လို့ ယူဆထားကြပါတယ်။


၄။ နှင်းဆီအဝါမပေးရတဲ့ မက္ကဆီကို


နှင်းဆီပန်းတွေဟာ လက်ဆောင်ပေးလို့အကောင်းဆုံး ပန်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံအပေါ်မူတည်ပြီး နှင်းဆီအရောင်ကို ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ မက္ကဆီကိုမှာဆိုရင် အဝါရောင်နှင်းဆီဟာ သေခြင်းနိမိတ် ဖြစ်တာကြောင့် လူနာသွားမေးတဲ့အခါ အဝါထက် အနီရောင်နှင်းဆီကိုပဲ လက်ဆောင်ယူသွားသင့်ပါတယ်။


၅။ လူပျို/အပျိုကြီးတွေကို သစ်ချပိုးခေါက်မှုန့်တွေနဲ့ ပစ်ရတဲ့ ဒိန်းမတ်


အဲဒီရိုးရာဓလေ့ကတော့ ဒိန်းမတ်မှာ ၁၆ ရာစုနှစ်ကတည်းက ရှိခဲ့တဲ့ ခေတ်ဟောင်းဓလေ့တစ်ခုဖြစ်ပြီး အခုခေတ် အထိ ကျန်ရှိနေပါသေးတယ်။ အသက်အရွယ်ရလာသူ တစ်စုံတစ်ယောက်ဟာ သူတို့မွေးနေ့မှာ တစ်ကိုယ်တည်းဘဝနဲ့ ရှိနေသေးတယ်ဆိုရင် သူ့ရဲ့သူငယ်ချင်းတွေက သူ့ကို သစ်ချပိုးခေါက်မှုန့်တွေနဲ့ ပက်ကြရ ပါတယ်။


၆။ အရက်သောက်ရင် ခွက်မမြှောက်ရတဲ့ ဟန်ဂေရီ


ဟန်ဂေရီနိုင်ငံက ဘားတွေမှာ အရက်သောက်တဲ့အခါ ဘယ်သူမှ ခွက်မြှောက်ပြီး cheers လုပ်တာကို မတွေ့ရပါဘူးတဲ့။ အဲဒီဓလေ့ဟာ ၁၈၄၈ ခုနှစ်ကတည်းက ရှိခဲ့တာဖြစ်ပြီး သြစတြီးယားတွေက ဟန်ဂေရီကို စစ်နိုင်တဲ့အချိန်မှာ ခွက်တွေမြှောက်ပြီး အောင်ပွဲခံခဲ့ကြတာပါ။ အဲဒါကြောင့် ဟန်ဂေရီတွေဟာ အဲဒီအချိန်ကစလို့ နှစ်ပေါင်း ၁၅၀ ကျော်လာပြီဖြစ်တဲ့ အခုအချိန်အထိ အရက်သောက်ရင် ခွက်မြှောက်ဂုဏ်ပြုလေ့မရှိကြပါဘူး။


၇။ မင်္ဂလာမဆောင်ခင် ငိုကြွေးရတဲ့ တရုတ်နိုင်ငံ


နိုင်ငံအတောများများ၊ လူမျိုးစုအတော်များများဟာ မင်္ဂလာဆောင်ဆိုရင် အပြုံးတွေနဲ့ ဆောင်ထားကြရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက ရှေးကျတဲ့ရိုးရာတစ်ခုမှာတော့ သတို့သမီးဟာ မင်္ဂလာမဆောင်ခင် တစ်လအလိုကစလို့ ငိုကြွေးကြရပါသတဲ့။


၈။ ဘယ်လက်မသုံးရတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများ


အရှေ့အလယ်ပိုင်းနိုင်ငံအတော်များများမှာ တစ်စုံတစ်ယောက်ကို နှုတ်ဆက်တဲ့အခါ ဒါမှမဟုတ် အစားစားတဲ့ အခါ ဘယ်လက်ကို အသုံးပြုတာဟာ ရိုင်းစိုင်းပြီး ညစ်ပတ်တယ်လို့ သတ်မှတ်ကြပါတယ်။ သူတို့ဟာ ဘယ်လက်ကို သန့်စင်ခန်းသွားတဲ့အခါမှသာ အသုံးပြုကြတာကြောင့် စားသောက်ပွဲမှာရော လက်ဆွဲနှုတ်ဆက် တဲ့ နေရာမှာပါ အသုံးမပြုကြပါဘူး။


၉။ မင်္ဂလာမဆောင်ခင် အိုးခွက်ပန်းကန်တွေခွဲရတဲ့ ဂျာမနီနိုင်ငံ


ဂျာမနီနိုင်ငံမှာလည်း မင်္ဂလာပွဲမတိုင်ခင် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ပြုလုပ်ရတဲ့ Polterabend လို့ ခေါ်တဲ့ ဓလေ့ထုံးတမ်းတစ်ခု ရှိပါတယ်။ လက်ထပ်မယ့်စုံတွဲရဲ့ ဧည့်သည်တွေဟာ ခွဲမယ့် အိုးခွက်တွေကို ယူလာ ကြရပါတယ်။ မင်္ဂလာစုံတွဲအနေနဲ့ အဲဒီလိုခွဲထားတဲ့ အမှိုက်တွေကို ရှင်းလင်းတဲ့ အပြုအမူဟာ ကံကောင်းခြင်း တွေ ယူဆောင်လာနိုင်တယ်လို့ ယူဆထားကြပါတယ်။ 


by Cherry Mon
Ref; Bright Side

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။