ကွယ်လွန်သူမိခင်ရဲ့ ပုံကို ပုံကြီးချဲ့ပြီး ဘွဲ့နှင်းသဘင်အထိ ယူလာခဲ့တဲ့ ဘွဲ့ရကျောင်းသားလေး

လူ့ဘဝမှာ တွေ့ဆုံရင်းနှီးခွင့်ရကြသလို အချိန်တန်ရင်လည်း ခွဲခွာကြရတာ သဘာဝပါပဲ။ အဲဒါကြောင့် မိမိချစ်တဲ့ သူ၊ မိမိကို ချစ်တဲ့သူတွေကို သက်ရှိထင်ရှားရှိနေတုန်းမှာ တန်ဖိုးထားကြဖို့ လိုအပ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ဘွဲ့ရကျောင်းသားလေးတစ်ယောက်ကတော့ သူ့ရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မိခင်ကို ရှိနေစေချင်ပြီး မိခင်နဲ့ အတူ ဓာတ်ပုံတွဲရိုက်ချင်သူ ဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ သူ့ရဲ့မိခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။


ဒါပေမဲ့ ဘွဲ့နှင်းသဘင်မှာ မိခင်နဲ့အတူဓာတ်ပုံရိုက်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို မစွန့်လွှတ်ခဲ့တဲ့ Paulo John ဟာ သူ့မိခင် မဆုံးခင်က ရိုက်ထားခဲ့တဲ့ဓာတ်ပုံတစ်ပုံကို တကယ့်လူတစ်ယောက်အရွယ်အတိုင်း ပုံကြီးချဲ့ပြီး ဘွဲ့နှင်း သဘင်အခမ်းအနားဆီ ယူဆောင်လာခဲ့ပါတယ်။ စီးပွားစီမံမေဂျာနဲ့ သိပ္ပံဘွဲ့ကိုရရှိခဲ့ပြီဖြစ်တဲ့ ဂျွန်ဟာ သူ့မိခင်ရဲ့ ဓာတ်ပုံကြီးကို မိခင်အစစ်လိုသဘောထားပြီး ဘွဲ့နှင်းသဘင်မှာ အတူဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။


ဂျွန်ဟာ အဲဒီဓာတ်ပုံတွေကို သူ့ရဲ့ Twitter စာမျက်နှာထက်မှာ တင်ခဲ့တာဖြစ်ပြီး “ကျွန်တော့်ရဲ့ အလှပဆုံး မေမေရေ… မေမေ့ရဲ့ သားအကြီးဆုံး ဘွဲ့ရပါပြီ။ အမေလည်း ကောင်းကင်ဘုံကနေ ပျော်ရွှင်နေမယ်လို့ မျှော်လင့်ပါတယ်။ အမေဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်ကျောင်းပြီးသွားခဲ့ပါပြီ။ အရမ်းချစ်တယ် မေမေ” လို့ လည်း caption ရေးခဲ့ပါတယ်။


ဖိလစ်ပိုင်နိုင်ငံ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Coconuts Manila နဲ့ အင်တာဗျူးမှာတော့ ဂျွန်က သူ့ရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကို သူ့မိခင်ကိုတက်ရောက်စေချင်တာဟာ သူ့ရဲ့အိပ်မက်ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါ တယ်။ ဒါပေမဲ့လည်း သူ့ရဲ့မိခင်ဖြစ်သူဟာ ၂၀၁၆ ခုနှစ်တုန်းက အဆုတ်ရောင်ရောဂါကြောင့် ကွယ်လွန်သွားခဲ့ တာ ဖြစ်ပါတယ်။


အဲဒါကြောင့် ဂျွန်ဟာ သူ့ရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကို သူ့အမေရဲ့အရပ်အမောင်းအတိုင်း ပုံကြီးချဲ့ထားတဲ့ ဓာတ်ပုံကို ယူဆောင်လာပြီး အခုလိုဓာတ်ပုံရိုက်ကူးခဲ့တာပါ။ ဂျွန်ရဲ့အဆိုအရ မိခင်ဖြစ်သူဟာ သူအခုလို ကောလိပ်တက်ရောက်နိုင်အောင် အနစ်နာခံပေးဆပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဂျွန်ရဲ့မိခင်ဖြစ်သူဟာ သူ့ကို တစ်ယောက်တည်းကျွေးမွေးလာခဲ့တာဖြစ်ပြီး အမေတစ်ခုသားတစ်ခုဘဝနဲ့ နှစ်အတန်ကြာ နေထိုင်ခဲ့ကြတာပါ။


ဂျွန်ဟာလည်း သူ့ကို ဘွဲ့ရပညာတတ်ဖြစ်စေချင်တဲ့ မိခင်ရဲ့ဆန္ဒကို တသွေမတိမ်းလိုက်နာခဲ့ပြီး အခုလို ဘွဲ့တစ်ခု ရယူခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူ့မိခင်ဖြစ်သူကို အမြတ်တနိုးထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားမှာ အတူဓာတ်ပုံရိုက်ခွင့်ရဖို့အတွက် အခုလို ကြံဆောင်ခဲ့တာ ဖြစ်ပါတယ်။ သားအမိနှစ်ယောက်ရဲ့ ဓာတ်ပုံဟာ ပီတိ ဖြစ်စရာကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းပါတယ်။


by Cherry Mon
Ref; Good Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။