
မြန်မာနိုင်ငံရဲ့ အငွေ့အသက်များစွာပါဝင်တဲ့ Line Walker (2) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Trailer ထွက်လာ
ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီလတုန်းက မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ Line Walker (2) ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး အားလုံးသိကြမယ်ထင်ပါတယ်။ အဆိုပါ Line Walker (2) ဇာတ်ကားကြီး ရိုက်ကူးနိုင်ဖို့အတွက် Shaw Brothers Pictures Co. Ltd မှ အချိန် (၂)နှစ်ကျော်ကြာ အချိန်ယူကာ သေသေချာချာ ပြင်ဆင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ အပိုင်းကတော့ ရုပ်ရှင်တစ်ကားလုံးရဲ့ (၂၅)မိနစ်စာသာ ရှိတယ်လို့ သိရပါတယ်။
အဆိုပါ (၂၅)မိနစ်စာသာရှိတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးနိုင်ဖို့အတွက် ဒေါ်လာ (၁၀)သန်းကျော် အကုန်ခံရိုက်ကူးခဲ့တာဖြစ်ပြီး ဇာတ်ဝင်ခန်းထဲမှာ ကားဗုံးဖောက်ခွဲတဲ့အခန်းတွေ၊ ကျည်ထိပ်ဖူးမပါဘဲ ကျည်ခွံထွက်၊ မီးပွင့်တဲ့ တကယ့် သေနတ်အစစ်တွေ၊ ရဟတ်ယာဉ်တွေကို စနစ်တကျ အသုံးပြုခဲ့တာဖြစ်တာကြောင့် မြန်မာနိုင်ငံမှ လူအများစိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ကားဆိုလည်း မမှားနိုင်ပါဘူး။
နိုင်ငံတကာအဆင့်မှီတဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားကြီး Line Walker (2) ထဲမှာ Louis Koo, Nick Cheung, Francis Ng တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မြန်မာသရုပ်ဆောင်များအနေနဲ့ အောင်မြင့်မြတ်၊ လင်းအောင်ခက်နဲ့ မင်းရာဇာတို့လည်း ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြပါတယ်။
လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်းကို ပညာပေးရိုက်ကူးထားတဲ့ Line Walker (2) အက်ရှင်ဇာတ်ကားကြီးကို မျှော်လင့်နေတဲ့ ပရိသတ်များအတွက် လက်ရှိမှာတော့Trailer ထွက်ရှိလာပြီဖြစ်ပြီး လာမယ့် သြဂုတ်လ (၈)ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံမှာ အရင်ဆုံး ရုံတင်ပြသသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း လာရောက်ပြသမယ်လို့ သိရပါတယ်။
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။