လူလိုနားမလည်ကြသူတွေရဲ့ အကျင့်စရိုက်များ

လူဖြစ်နေရုံနဲ့ လူပီသတယ်လို့ ပြောလို့မရပါဘူး။ လူမှာ လူသားချင်းစာနာတတ်တဲ့ စိတ်၊ လူက လူလိုသိတတ် နားလည်တဲ့ စိတ်ဆိုတာ လိုအပ်ပါတယ်။ လူမှန်ရင် တစ်ဦးတစ်ယောက်တည်း နေလို့မရဘဲ အသိုင်းအဝိုင်း ပတ်ဝန်းကျင်ဆိုတာ ရှိနေသေးတာကြောင့် အများကိုအနှောင့်အယှက်မဖြစ်စေဘဲ လူလိုသိတတ်ဖို့တော့ လိုပါတယ်။


ဒါပေမဲ့ လူဖြစ်နေပြီး လူလိုမသိတတ်တဲ့သူတွေလည်း အများကြီးပါ။ အဲဒါကြောင့် Bright Side က စုစည်းဖော်ပြ ထားတဲ့ တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတဲ့ လူတချို့ရဲ့ မသိလိုမသိဘာသာ အပြုအမူတချို့ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။


၁။ လတ်လတ်ဆတ်ဆတ် လောင်းထားတဲ့ ကွန်ကရစ်ပေါ်ကို အတားအဆီးလုပ်ထားလျက်နဲ့ ဖြတ်သွားတာမျိုး ကလည်း လူလိုမသိတတ်တဲ့ အပြုအမူတစ်မျိုးပါ။ ခွေးတွေ ကြောင်တွေကတော့ မသိလို့ ဖြတ်သွားကြပေမဲ့ လူ ဆိုရင်တော့ လူလိုသိသင့်ပါတယ်။


၂။ ဘတ်စ်ကားလို အများသုံးယာဉ်တွေကို စီးနင်းတဲ့အခါ လူလိုမထိုင်ဘဲ ဖြဲကားထိုင်တာ၊ သူများထိုင်ခုံပေါ် ခြေထောက်တင်တာ၊ သူများထိုင်ခုံကို ခြေထောက်နဲ့ကန်တာတွေဟာ လူလိုသိတတ်တဲ့သူတွေ လုပ်လေ့ရှိတဲ့ အပြုအမူမျိုး မဟုတ်ပါဘူး။ ရုပ်ရှင်ရုံတွေမှာလည်း ထိုနည်းတူပါပဲ။


၃။ ဘတ်စ်ကားပေါ်မှာတင်မကဘဲ ဘူတာရုံ၊ လေဆိပ်၊ ဆေးရုံ စတဲ့နေရာတွေမှာ အများပြည်သူထိုင်စောင့်ဖို့ လုပ်ပေးထားတဲ့ ထိုင်ခုံတွေ ရှိပါတယ်။ ဘယ်လိုနေရာကထိုင်ခုံပဲဖြစ်ဖြစ် သူများရဲ့ထိုင်ခုံလက်တန်းပေါ်ကို ခြေထောက်တင်တာဟာ အင်မတန်မိုက်ရိုင်းတဲ့ လူမဆန်တဲ့ အပြုအမူတစ်ခုပါ။


၄။ show ပွဲဖြစ်ဖြစ်၊ ဖျော်ဖြေပွဲတွေဖြစ်ဖြစ် ကြည့်တဲ့အခါမှာ အရှေ့ကနေပိတ်ပြီး ဖုန်းနဲ့ဖြစ်စေ ပိုကြီးတဲ့ Tablet နဲ့ ဖြစ်စေ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တာဟာလည်း အများကိုအနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတစ်ခုပါ။ မိမိအတွက် အဆင်ပြေပေမဲ့ မိမိအနောက်နားမှာ ရှိနေတဲ့သူတွေအတွက်တော့ မြင်ကွင်းကွယ်သွားစေမယ်ဆိုတာကို လူလို နားလည်သင့်ပါတယ်။


၅။ ရထားစီးတဲ့အခါပဲဖြစ်ဖြစ် ဘတ်စ်ကားစီးတဲ့အခါပဲဖြစ်ဖြစ် နှစ်ယောက်တွဲထိုင်ခုံတွေ ပါရှိတတ်ပါတယ်။ အဲဒီ နှစ်ယောက်တွဲခုံတွေကို ထိုင်တဲ့အခါ ပြတင်းပေါက်ဘက်အထိ တိုးမပေးဘဲ တစ်ယောက်တည်း အပေါက်ပိတ် ပြီး ထိုင်နေတာမျိုးက နောက်လူထိုင်ဖို့အဆင်မပြေစေပါဘူး။


၆။ ဘတ်စ်ကားနဲ့ အများသုံးယာဉ်တွေစီးတဲ့အခါ မိမိထိုင်တဲ့ခုံကို ကျော်လွန်ပြီး ဘေးခုံအထိ ဖြဲကားနေရာယူ ထားတာဟာ မိမိအတွက်အဆင်ပြေပေမဲ့၊ မိမိနည်းတူပိုက်ဆံပေးစီးတဲ့ ဘေးထိုင်ခုံကသူတွေအတွက်တော့ အနှောင့်အယှက်ပါပဲ။ လူလိုသိတတ်တဲ့သူတွေက အဲဒီလိုသူများကို အနှောင့်အယှက်မပေးတတ်ပါဘူး။


၇။ လူအများနဲ့ ထိုင်စောင့်ရတဲ့နေရာမျိုးမှာ မိမိတစ်ယောက်တည်း နှစ်ခုံသုံးစာယူပြီး အိပ်နေတာ၊ ခြေဆင်းထား တာတွေဟာလည်း လူလိုသိတတ်သူတွေရဲ့ အပြုအမူမျိုး မဟုတ်ပါဘူး။


၈။ ဓာတ်ပုံရိုက်ဖို့ ဒါမှမဟုတ် တစ်ခုခုကို တိုးဝှေ့ကြည့်ဖို့အတွက် သူများတကာတွေ အပင်ပန်းခံပျိုးထောင်ထား တဲ့ ပန်းခင်းနဲ့ အလှအပတွေကို နင်းပစ်တာဟာလည်း လူမဆန်တဲ့ ရိုင်းစိုင်းတဲ့အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။


၉။ အစားအသောက်တွေ ပုံပြီး ရောင်းတဲ့နေရာမှာ မသိအောင် နှှိုက်စားတာမျိုး၊ ကိုက်စားပြီး ပြန်ချထားခဲ့တာမျိုး ကလည်း လူမဆန်တဲ့ အပြုအမူတွေပါ။


၁၀။ ကားပါကင်မှာ နှစ်နေရာစာကို ခွရပ်သွားတာမျိုး၊ ပေးထားတဲ့နေရာအတိုင်းမဟုတ်ဘဲ ကိုးလန့်ကန့်လန့် ရပ်တာမျိုးတွေဟာလည်း နောက်ထပ်ကားပါကင်ထိုးချင်တဲ့ ကားတွေအတွက်တော့ အနှောင့်အယှက်ပါပဲ။ ကိုယ်အဆင်ပြေရင်ပြီးရော၊ ဘယ်သူဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်မျိုးထားရင်တော့ အတော်လေးလူမဆန်ရာ ကျပါတယ်။


by Cherry Mon
Ref; Bright Side

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။