အနောက်သြစတြေးလျမှာ ကြောင်တွေကို ညမထွက်ရအမိန့် ထုတ်ပြန်မည်

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အနောက်သြစတြေးလျရဲ့ Mandurah မြို့တော်ကောင်စီဟာ အိမ်မွေးကြောင်တွေနဲ့ ပတ်သက်တဲ့ ဥပဒေသစ်တစ်ခုကို ထုတ်ပြန်ဖို့ မိတ်ဆက်လိုက်ပါတယ်။ အဲဒီအမိန့်ဟာ အိမ်မွေးကြောင်တွေ ကို သဘာဝအတွက် အန္တရာယ်ရှိတဲ့သတ္တဝါတွေ ဖြစ်မလာစေရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီအမိန့်အရဆိုရင် ပိုင်ရှင်ရှိတဲ့အိမ်မွေးကြောင်တွေဟာ နေဝင်ပြီးချိန် ညဘက်တွေမှာ အိမ်အပြင်ထွက်ခွင့် မရှိပါဘူး။
အဲဒီအပြင် အနောက်သြစတြေးလျမှာ နေထိုင်သူတွေအနေနဲ့ ကြောင်နှစ်ကောင်ထက် ပိုမွေးခွင့်မရှိပါဘူး။ တကယ်လို့ မွေးထားတဲ့ကြောင်ဟာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံရပြီဆိုရင် ကြောင်ပိုင်ရှင်ဟာ သြစတြေးလျဒေါ်လာ ၅၀၀၀ နဲ့အထက် ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။


အခုဆိုရင်မြို့တော်ကောင်စီဟာ ကြောင်တွေအားလုံးကို မှတ်ပုံတင်ထားဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြို့တော်မှာနေထိုင်သူတွေအနေနဲ့ ကြောင်နှစ်ကောင်ထက် ပိုမွေးချင်တယ်ဆိုရင် ကောင်စီရဲ့ ခွင့်ပြုချက်ကို တောင်းခံဖို့လိုအပ်ပါတယ်။


ဒါ့ပြင် ကြောင်တွေအနေနဲ့ တချို့သတ်မှတ်ထားတဲ့ ဧရိယာတွေကိုလည်း ဝင်ထွက်သွားလာခွင့်မရှိပါဘူး။ အဲဒီလို ဝင်ထွက်သွားလာမိလို့ အများပြည်သူအနှောင့်အယှက်ဖြစ်စရာ ရှိခဲ့ရင် ကြောင်ပိုင်ရှင်ဟာ အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ ဒေါ်လာ ၅၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။


မြို့တော်ဝန်ဖြစ်သူရဲ့ အဆိုအရတော့ ကြောင်တွေအတွက်ရော လူတွေအတွက်ပါ နေထိုင်လို့ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုရရှိအောင် ကြောင်ချစ်သူတွေနဲ့ပူးပေါင်းပြီး ကျိုးကြောင်းဆီလျော်တဲ့နည်းတွေ၊ လက်တွေ့ကျ တဲ့ နည်းလမ်းတွေနဲ့ အခုလို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ တချို့ဒေသခံတွေကလည်း အဲဒီလိုဥပဒေချမှတ် တာဟာ ကြောင်တွေအတွက်လည်း အန္တရာယ်ကင်းမယ်လို့ ယုံကြည်လက်ခံကြပါတယ်။


အိမ်မွေးကြောင်တွေအနေနဲ့ ညဘက်အိမ်အပြင်မထွက်ရတာကြောင့် သူတို့ကိုယ်တိုင်အတွက် အန္တရာယ်ကင်း သလို၊ သဘာဝပတ်ဝန်းကျင်မှာရှိနေတဲ့ ငှက်နဲ့ တခြားပိုးကောင်မွှားကောင်လို သတ္တဝါတွေလည်း ကြောင်တွေ အတွက် အစာမဖြစ်တော့တာကြောင့် မျိုးတုံးမယ့်အန္တရာယ်ကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်ပါတယ်။


အဲဒီလိုကြောင်တွေနဲ့ပတ်သက်တဲ့ အမိန့်သစ်ကို အနောက်သြစတြေးလျမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုနှစ်ကုန်ခါနီးလောက်မှာ စတင်ကျင့်သုံးသွားဖို့ အလားအလာရှိပါတယ်။


by Cherry Mon
Ref; Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။