စားသောက်ဆိုင်တွေကလိုမျိုး တရုတ်ခေါက်ဆွဲကြော် ဘယ်လိုကြော်မလဲ

တရုတ်ခေါက်ဆွဲကြော်နည်းမေးထားတဲ့ သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုက်ပါတယ်။

တရုတ်ခေါက်ဆွဲကြော်နည်းကို နည်းအမျိုးမျိုးကြော်တဲ့ အထဲက ဒီနည်းကတော့ မြန်မာပြည်က ဆိုင်တွေလို အရသာအီအီလေးနဲ့စိုစိုလေးကြော်တဲ့နည်းပါ။ ခေါက်ဆွဲကြော်စိုစိုလေးဖြစ်ဖို့အတွက်ဆိုရင် ကြက်ပြုတ်ရည်လေးကို သုံးရင် ပိုအဆင်ပြေပါတယ်။ ကြက်ပြုတ်ရည် အလွယ်တကူမရှိလျှင် ရေကိုသုံးရင်လဲရပါတယ်။ တရုတ်ခေါက်ဆွဲကြော်လေးကြော်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ ဂျုံခေါက်ဆွဲဖတ် - ၁ ပေါင် (သို့) ၂၅ ကျပ်သား

၂။ ဝက်သား (သို့) ကြက်သား - ၁ ပေါင် (သို့) ၂၅ ကျပ်သား

၃။ ပါးပါးလှီးထားသော ဂေါ်ဖီထုပ် - တရုတ်ထမင်းစားပန်းကန်လုံး ၃ လုံးစာ

၄။ အချောင်းလိုက်လှီးထားသော မုန်လာဥနီ - အနည်းငယ်

၅။ ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း ၅ ဇွန်း

၆။ ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၇။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၈။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ

၉။ သကြား - လက်ဖက်ရည်ဇွန်း ၄ ဇွန်း

၁၀။ ဆီ - ထမင်းစားဇွန်း ၉ ဇွန်း

၁၁။ ကြက်ပြုတ်ရည် (သို့) ရေ - ထမင်းစားဇွန်း ၈ ဇွန်း

၁၂။ ကြက်သွန်ဖြူ - ၅ မွှာ

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ အသားကို အချောင်းလိုက်ကလေးတွေ လှီးပြီး ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အပျစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်၊ ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် နယ်၍ ခဏ နှပ်ထားပါ။ ကြက်သွန်ဖြူ ကိုတောက်တောက်ဆင်းထားပါ။

၂။ ခေါက်ဆွဲကို အစိုအသုံးပြုလျှင် ရေနွေးပွက်ပွက်ဆူတဲ့ထဲကို ချက်ချင်းထည့်ပြီး ဆယ်ပါ။ ပြီးလျှင် ရေအေးဖြင့် ပြန်ဆေးပြီး ရေစစ်ပါ။ ရေစစ်ထားတုန်း ခေါက်ဆွဲကို ဆီ ထမင်းစားဇွန်း ၁ ဇွန်း ဖြင့် နယ်၍ ဖွထားပါ။

၃။ ရေစစ်ပြီးသော ခေါက်ဆွဲကို ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ ပဲငံပြာရည် အပျစ် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့်နယ်ထားပါ။

၄။ ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း ၈ ဇွန်းထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူကို ထည့်ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် အသားကို ထည့်ကြော်ပါ။ အသားများကျက်ပြီး အသားမှအရည်များမထွက်ခင် ခေါက်ဆွဲကိုထည့်ကြော်ပါ။ ကြက်ပြုတ်ရည် (သို့) ရေ ထမင်းစားဇွန်း ၄ ဇွန်းကိုထည့်၍ ကြော်ပါ။

၅။ ထို့နောက် ပါးပါးလှီးထားသော ဂေါ်ဖီထုပ်နှင့် မုန်လာဥနီကိုထည့်၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်၍ ကြော်ပါ။

၆။ အသီးအနှံများနွမ်းလာလျှင် မီးဖိုပေါ်မှချခါနှီးတွင် ကျန်သော ကြက်ပြုတ်ရည် (သို့) ရေ ထမင်းစားဇွန်း ၄ ဇွန်းကို ထည့်၍သမအောင် မွှေပြီးမီးဖိုပေါ်မှချပါ။

၇။ အရသာ ကောင်းကောင်း အနံ့မွှေးမွှေးနှင့် ခေါက်ဆွဲကြော် စိုစိုလေးကို သုံးဆောင်နိုင်ပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။