အားမနာလျှာမကျိုးပြောတတ်တဲ့ သူငယ်ချင်းကသာ စိတ်ရင်းအမှန်ဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိ

ချိုချိုသာသာ ကောင်းကောင်းမွန်မွန် ပြောတတ်တဲ့သူငယ်ချင်းထက် ကိုယ့်အပေါ်အားမနာတမ်း ဒဲဒိုးပြောတတ် တဲ့ သူငယ်ချင်းကို ပိုရင်းနှီးနေမိလို့ အံ့သြနေပြီလား?


သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်အရဆိုရင် ကိုယ့်အပေါ်အားမနာလျှာမကျိုး ဒဲ့ဒိုးပြောတတ်တဲ့၊ အရှိကိုအရှိ အတိုင်း ပြောတတ်တဲ့သူငယ်ချင်းတွေက နှုတ်မချိုပေမဲ့လည်း ကိုယ့်ကိုဂရုအစိုက်ဆုံး၊ စိတ်ရင်းနဲ့ အခင်မင်ဆုံး သူတွေ ဖြစ်ပါသတဲ့။ အဲဒါကြောင့် အားမနာလျှာမကျိုးပြောတတ်တဲ့ အပေါင်းအသင်းတွေက ကိုယ့်ကိုအခင်ဆုံး အချစ်ဆုံးသူတွေ ဖြစ်တယ်ဆိုတာ နဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်တချို့ကို ဝေမျှပေးလိုက်ပါတယ်။


သင်ရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခု၊ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လို့ သင့်ကို မသက်မသာဖြစ်အောင် ပြုမူပြောဆိုတတ်တဲ့ အရင်းနှီးဆုံးသူငယ်ချင်း၊ အပေါင်းအသင်းရှိနေပြီ ဆိုရင်တော့ သူတို့တန်ဖိုးထားလိုက်ပါ။ စိတ်ပိုင်းဆိုင်ရာ သိပ္ပံပညာအဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ သုတေသနပြုချက်အရ ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းအပေါင်းအသင်းတချို့ဟာ သူတို့ချစ်ရတဲ့သူငယ်ချင်းတွေအပေါ် ဆန့်ကျင်ဘက်ခံစားမှုတွေ ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။


အကြောင်းကတော့ အဲဒီလိုတစ်ဖက်သားမနှစ်သက်တဲ့ ဆန့်ကျင်ဘက်ခံစားမှုတွေဟာ သူတို့ရဲ့ရင်းနှီးမှုကို ပိုမိုတာရှည်ခံစေတယ်လို့ ယုံကြည်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလိုနည်းလမ်းနဲ့ သင့်ကိုခံစားစေတဲ့ တကယ့်အကြောင်းပြချက်အစစ်အမှန်က သူတို့ သင့်ကို တကယ်ကိုဂရုစိုက်လို့ ချစ်ခင်လို့ပါပဲ။


ဥပမာ သင့်ကို အချစ်ရေ အသဲရေလို့ ပါးစပ်ကခေါ်နေပေမဲ့ စိတ်ထဲမှာတော့ သင့်နောက်ကျောကို ဓါးနဲ့ထိုးဖို့ အသင့်ဖြစ်နေတဲ့သူထက်စာရင် သင့်ကို “အရူးမ” “ရုပ်ဆိုးမ” ဆိုတဲ့ သင်မကြိုက်တဲ့ နာမည်အမျိုးမျိုးနဲ့ ခေါ်နေ ပေမဲ့ တကယ်တမ်းဒုက္ခရောက်လာချိန်မှာတော့ အဲဒီလိုနှုတ်မချိုတဲ့ သူငယ်ချင်းမျိုးက သင့်ကိုကူညီပေးဖို့ အသင့်ရှိနေတတ်ပါတယ်။


သင်အနေနဲ့ အကြပ်အတည်းတစ်ခုခုနဲ့ ကြုံတွေ့နေရချိန်မှာ အားမနာတမ်းပြောတတ်တဲ့ သူငယ်ချင်းကသာ သင့် အတွက် အဖြေမှန်ကို အားမနာလျှာမကျိုး ထုတ်ပြောပါလိမ့်မယ်။ အကြောင်းက သူတို့က သင့်ပြဿနာကို အပေါ်ယံသုံးသပ်မှာမဟုတ်သလို သင်နဲ့အလိုက်သင့် လိုက်ပြောနေမှာလည်း မဟုတ်ပါဘူး။ သင်မှားနေပြီဆိုရင် လည်း သင့်ကို အားမနာလျှာမကျိုး ဝေဖန်ပါလိမ့်မယ်။ သူတို့ဆီက ချီးကျူးစကားရဖို့တော့ မမျှော်လင့်ပါနဲ့၊ ဒါပေမဲ့ သူတို့မှာ သင့်အတွက် စေတနာအပြည့်ရှိပါတယ်။ အဲဒီစေတနာကိုတော့ ချိုချိုသာသာလေးဖော်ပြမှာ မဟုတ်ပါဘူး။


အဲဒါကြောင့် သင့်မှာ သင့်ကိုအားမနာလျှာမကျိုး ဒဲဒိုးပြောတတ်တဲ့ သူငယ်ချင်းတွေ့ရင် စိတ်မစိုးဘဲ တန်ဖိုးထားပါ။ သင်အကြပ်အတည်းတွေ့နေချိန်မှာ သူတို့ကပဲ သင့်အတွက်အမှန်တရားကို တွေ့ရှိစေပြီး သင့်ဘေးမှာ မားမားမတ်မတ်ရှိနေပေးမှာ ဖြစ်တာကြောင့်ပါပဲ။


by Cherry Mon
Ref; Bright Side


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။