သူငယ်ချင်းကို ချစ်သူတော်ချင်သူတွေ Friend zone ထဲက ရုန်းထွက်နိုင်မယ့် နည်းလမ်း ၁၃ မျိုး

အခုခေတ်စားနေတဲ့ friend zone ဆိုတာက သူက သင့်ကို စိတ်မဝင်စားဘဲ သူငယ်ချင်းတစ်ယောက်အဖြစ်ပဲ သဘောထားတဲ့အခါမှာ ရောက်ရှိသွားရတဲ့ အခြေအနေတစ်ခုပါ။ သင့်အနေနဲ့ စည်းကျော်တဲ့ စကားမျိုးတွေ ပြောခွင့်မရပါဘူး။ သင့်အနေနဲ့ သူငယ်ချင်းကို ချစ်မိနေပြီ ဒါမှမဟုတ် ချစ်တဲ့သူကို ချဉ်းကပ်ရင်း မတော်တဆ friend zone ထဲ ရောက်သွားရပြီဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုက အပြောနဲ့မဟုတ်ဘဲ အပြုအမူနဲ့ပဲ သင့်အချစ်ကို ဖော်ပြတာ အကောင်းဆုံးဖြစ်ပါတယ်။


အဲဒါကြောင့် friend zone ထဲမှာ ပိတ်မိနေတဲ့ အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့အတွက် နည်းလမ်းတချို့ ဝေမျှပေး လိုက်ပါတယ်။


၁။ လက်သင့်ခံပါ


Friend zone ထဲကနေ ရုန်းထွက်ဖို့အတွက် ပထမဆုံးခြေလှမ်းကနေ သင့်ရဲ့အဖြစ်မှန် သင့်အခြေအနေကို ကိုယ်တိုင်နားလည်လက်ခံဖို့ပါပဲ။ သင့်ရဲ့အတွေးအခေါ်၊ အပြုအမူနဲ့ အလေ့အထတွေကို မပြောင်းလဲပစ်သရွေ့ ကတော့ friend zone ထဲကနေ ထွက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် သင့်အခြေအနေကို ကျော်လွန်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းကတော့ လက်သင့်ခံလိုက်ဖို့ပါပဲ။


၂။ သင့်ကိုယ်သင် အပြစ်မတင်ပါနဲ့တော့


သူငယ်ချင်းအပေါ် အဲဒီလိုခံစားချက်ဖြစ်မိတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အဲဒီလိုအပြစ်တင် အားနာစိတ်များလာလေလေ သင့်ကိုယ်သင် friend zone ထဲကနေ ရုန်းမထွက်နိုင်အောင် လုပ်မိလေလေပါပဲ။


၃။ စွဲလမ်းစိတ်ကို ထိန်းချုပ်ပါ


သူ့အကြောင်း အရမ်းတွေးနေမိပြီလား။ ဒါဆိုရင်တော့ သင် ပိုခံစားရဖို့များနေပြီး friend zone ထဲကို ပိုပို ရောက်ရှိသွားမှာပါ။ ဆိုရှယ်မီဒီယာမှာ သူ့အကြောင်း အမြဲနားစွင့်နေမိတဲ့စိတ်ကို လျှော့ပါ။ အဲဒီအစား တခြား တစ်ခုခုကို စိတ်ထည့်ထားပါ။


၄။ ဖုန်းခဏခဏခေါ်တာ မက်ဆေ့ချ်ခဏခဏပို့လွန်းတာတွေ လျှော့ပါ


ဖုန်းတွေ ခဏခဏဆက်၊ မက်ဆေ့ချ်တွေ မကြာခဏပို့ခြင်းက friend zone ထဲကနေထွက်ဖို့အတွက် အထောက်အကူမပေးပါဘူး။ လူဆိုတာ ရတာများရင် မလိုချင်တတ်တော့တဲ့ သဘောမျိုးရှိပါတယ်။ ဒါ့ပြင် ခဏခဏဖုန်းဆက် မက်ဆေ့ချ်ပို့နေခြင်းဟာ သူငယ်ချင်းတစ်ယောက်အဖြစ် ပိုမိုသတ်မှတ်ခံသွားရနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းသိပ်မဆက်ဘဲ မက်ဆေ့ချလည်း သိပ်မပို့ဘဲနေခြင်းက သူ့ရဲ့အာရုံစိုက်မှုကို ပိုရစေပြီး friend zone ထဲက ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။


၅။ သင့်အာရုံစိုက်မှုကိုရဖို့ သူကိုယ်တိုင်ကြိုးစားလာအောင် ဆွဲဆောင်ပါ


လွယ်လွယ်ရနိုင်တဲ့သူမျိုးကို မလိုချင်ကြပါဘူး။ သူ့အမြင်မှာ သင်ဟာ သိပ်လွယ်မနေဖို့၊ သူနဲ့ သိပ်နီးစပ်မှုရှိမနေ ဖို့ လိုပါတယ်။ အဲဒါကြောင့် သူ့ရှေ့မှာ သူမဟုတ်တဲ တခြားသူတွေနဲ့လည်း ရင်းရင်းနှီးနှီးနေပြပါ။ မနာလိုအောင် လုပ်ခြင်းကလည်း သူ့ရဲ့အာရုံစိုက်မှုကို ရရှိစေနိုင်ပါတယ်။


၆။ စကားအများကြီး သိပ်မပြောပါနဲ့


သင့်အကြောင်းတွေကို ခရေစေ့တွင်းကျ ပြောပြတာမျိုးကို ရှောင်ကြဉ်ပါ။ လူအတော်များများက အရမ်းသိလွန်း နေရင် စိတ်မဝင်စားကြတော့ပါဘူး။ အဲဒါကြောင့် လျှို့ဝှက်ချက်လေးတွေထားပါ။ အဲဒီလိုနည်းနဲ့ သူ့ရဲ့ စိတ်ဝင်စားမှုကို မသိမသာ ဆွဲဆောင်ယူနိုင်ပါတယ်။


၇။ သင့်ကို သတိရနေပါစေ


အမြဲတမ်းဖုန်းခေါ်နေကျ မက်ဆေ့ပို့နေကျ သင်က သူ့ကို ဖုန်းလည်းမခေါ် မက်ဆေ့လည်းမပို့ဘူးဆိုရင် သူ သင့်ကို သတိရနေမှာပါ။ သူ့ကိုလည်း သွားမတွေ့ဘဲနေကြည့်ပါ။ အဲဒီအခါ သူ့ရဲ့စူးစမ်းသိချင်စိတ်ကနေ သင့် အပေါ် အာရုံစိုက်မှုကို ရရှိနိုင်ပြီး friend zone ကနေ ရုန်းထွက်ဖို့ အခွင့်အရေးရရှိနိုင်ပါလိမ့်မယ်။


၈။ သိပ်စိတ်မဝင်စားတဲ့ပုံစံပြပါ


အရမ်းစိတ်ဝင်စားဟန်ပြပြီး သည်းသည်းလှုပ်ပြနေတာထက်စာရင် သိပ်စိတ်ဝင်စားဟန်မပြတော့တာက သူ့ကို ဆွဲဆောင်ဖို့ ပိုအလုပ်ဖြစ်စေပါတယ်။ သူ့ရဲ့သိချင်စိတ်၊ စူးစမ်းစိတ်ကို နှိုးဆွပေးပြီး သင့်ကို တစ်မျိုးတဖုံ စိတ်ဝင်စားလာအောင် ဆွဲဆောင်ရာရောက်ပါတယ်။


၉။ သူ့အတွက် အရာရာဂရုစိုက်ပေးနေတာကို ရပ်လိုက်ပါ


သူ့အတွက် ဟိုဟာဒီဟာဝယ်ပေးတာမျိုး၊ ပိုက်ဆံတွေသုံးတာမျိုးတွေ သိပ်မလုပ်ပါနဲ့။ သင့်အပေါ် အလေးမထား တော့ဘဲ friend zone ထဲမှာ ခြေချုပ်မိသွားပါလိမ့်မယ်။


၁၀။ သိပ်ရင်းနှီးအောင်မနေပါနဲ့


သူနဲ့ ရင်းနှီးရင် အခွင့်အရေးပိုရမယ်လို့ မထင်လိုက်ပါနဲ။ လူအတော်များများဟာ အထူးသဖြင့် မိန်းကလေးတွေ ဟာ အရင်းနှီးဆုံးလိုဖြစ်နေတဲ့ သူငယ်ချင်းကို ချစ်သွားတယ်ဆိုတာ အင်မတန်ရှားပါတယ်။ အဲဒါကြောင့် friend zone ထဲက ရုန်းထွက်ချင်ရင် သိပ်ရင်းနှီးအောင် မနေပါနဲ့။


၁၁။ ငြင်းဆန်ပါ


သူပြောသမျှ မငြင်းတာမျိုး မလုပ်ပါနဲ့။ သူချိန်းရင် ရံဖန်ရံခါ ငြင်းဆန်ပါ။ အရာရာ သူ့သဘောသူ့အကြိုက် မလိုက်ပါနဲ့။ အဲဒီလိုသူ့သဘောအတိုင်း လိုက်နေမယ်ဆိုရင်တော့ သင်က သူ့အတွက် ပျင်းစရာကောင်းသွားပါ လိမ့်မယ်။


၁၂။ ခွင့်ပြုချက်တွေ သိပ်မတောင်းပါနဲ့


သင်က friend zone ထဲကနေ ရုန်းထွက်ချင်သူဆိုရင် တစ်စုံတစ်ခုကို လုပ်ဆောင်တဲ့အခါ သူ့ရဲ့ သဘောတူညီချက်ရဖို့ အတင်းမကြိုးစားပါနဲ့။ သူသဘောမတူမှာ ကြောက်မနေပါနဲ့၊ အရာရာတိုင်း သူ့သဘော အတိုင်း ဖြစ်နေဖို့ မလိုပါဘူး။


၁၃။ friend zone ထဲက ရုန်းထွက်နိုင်ဖို့အတွက် စွန့်လွှတ်သင့်တာကို စွန့်လွှတ်ရပါမယ်


သင့်က သူနဲ့သူငယ်ချင်းမဟုတ်ဘဲ ချစ်သူဖြစ်ချင်တာဆိုရင် တချို့အရာတွေကိုတော့ စွန့်လွှတ်ရပါလိမ့်မယ်။ ဥပမာ သူ့နားကို အရမ်းကပ်မနေတာက သူ့ရဲ့အာရုံစိုက်မှုကို ပိုရနိုင်ချေရှိတာကြောင့် သူ့နားပဲ နေချင်နေတဲ့ သင့်ရဲ့စိတ်ကို တော့ ခဏချိုးနှိမ်ထားရမှာပါ။ သူ့ရဲ့အာရုံစိုက်မှုကိုရလာလို့ သင်ဖွင့်ပြောဖို့အချိန်တန်ပြီဆိုရင်လည်း သူငယ်ချင်း အဖြစ်က ရပ်ဆဲသွားမလားဆိုတာတွေကိုလည်း တွေးကြောက်နေလို့ မရပါဘူး။


Friend zone ထဲက ရုန်းထွက်ချင်သူများ အဆင်ပြေပြေ ရုန်းထွက်နိုင်ကြပါစေ။


by Cherry Mon
Ref; Major League Dating

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။