အလုပ်ချိန်များလွန်းသူတွေဟာ လေဖြတ်နိုင်ချေများပြား

သင်က အလုပ်အရမ်းလုပ်လွန်းတဲ့ workaholic တစ်ယောက်ပါလား၊ အဲဒါဆိုရင်တော့ အခုဖော်ပြမယ့်အချက် ကို သင် မဖြစ်မနေဖတ်ဖို့ လိုအပ်နေပါပြီ။ ပြင်သစ်နိုင်ငံမှာ လေ့လာတွေ့ရှိချက်တစ်ခုအရ တစ်ပတ်မှာ ၁၀ နာရီ ကြာ အလုပ်လုပ်တဲ့ ရက်တစ်ရက်လောက် ပုံမှန်ရှိနေရုံနဲ့ လေဖြတ်နိုင်ချေပိုများတယ်လို့ သိရှိရပါတယ်။ အဲဒီလို အလုပ်လုပ်လွန်းသူတွေဟာ ပုံမှန်အချိန်အကြာကြီး အလုပ်လုပ်လေ့မရှိသူတွေထက်စာရင် လေဖြတ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများတယ်လို့လည်း ဆိုပါတယ်။


Independent သတင်းဌာနက ဖော်ပြထားတဲ့ Stroke ကျန်းမာရေးဂျာနယ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် သုတေသနသမားတွေဟာ လူတစ်ယောက်အလုပ်လုပ်တဲ့ပုံစံက သူ့ရဲ့နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးပေါ် မှာ သက်ရောက်မှုရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ တစ်နှစ်မှာ အနည်းဆုံး ရက် ၅၀ လောက် ၁၀ နာရီနဲ့ အထက် အလုပ်လုပ်တတ်သူတွေဟာ လေဖြတ်နိုင်ချေ ၂၉ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ဆိုပါတယ်။


အဲဒါဟာ ပြင်သစ်နိုင်ငံမှာ အလုပ်သမားတွေကို အလုပ်ချိန်ပြင်ပမှာ အလုပ်နဲ့အဆက်အသွယ်ပြတ်ခွင့်ပေးတဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ပြင်သစ်က ကုမ္ပဏီတွေဟာ လုပ်ငန်းခွင်ပြင်ပ၊ အလုပ်ချိန်ပြင်ပ မှာ email ပြန်တာမျိုး ဒါမှမဟုတ် တခြားအလုပ်ကိစ္စတစ်ခုခုကို လုပ်ဖို့အတွက် အလုပ်သမားတွေကို ဘယ်တော့ မှ ဖိအားပေးလေ့မရှိဘူးလို့ သိရပါတယ်။


ပြင်သစ်နဲ့ယှဉ်မယ်ဆိုရင် ယူကေက အလုပ်သမားတွေဟာ ပျမ်းမျှအနေနဲ့ တစ်ပတ်ကို ၄၂ နာရီ အလုပ်လုပ်ရ လေ့ ရှိပြီး အီတလီနဲ့ ဘယ်လ်ဂျီယံမှာ တစ်ပတ် ၃၉ နာရီ၊ ဒိန်းမတ်မှာတော့ ၃၇ နာရီ အလုပ်လုပ်ကြရပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းကစလို့ အသက် ၁၈ နှစ်နဲ့ ၆၉ နှစ်ကြားက လူပေါင်း ၁၄၀၀၀၀ ကျော်ကို စစ်တမ်း ကောက်ယူလေ့လာချက်တွေအရ ဥရောပနိုင်ငံတွေမှာ အလုပ်ချိန်အများဆုံးဟာ ဗြိတိန်နိုင်ငံပဲ ဖြစ်ပါတယ်။


အချိန်ကာလအနေနဲ့ ၁၀ နှစ်ကျော်အောင် အလုပ်ချိန်အကြာကြီး လုပ်ခဲ့ရသူတွေဟာ လေဖြတ်နိုင်ချေ ၄၅ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒါ့ပြင် လေ့လာတွေ့ရှိချက်အရဆိုရင် အသက် ၅၀ အောက် လူငယ်အလုပ်သမား တွေမှာလည်း မမျှော်လင့်ဘဲ လေဖြတ်နိုင်ချေရှိကြောင်း သိရပါတယ်။


အဲဒါကြောင့် အသက်အရွယ်ကြီးချိန်မှာ လေဖြတ်နိုင်ချေနည်းပါးအောင် အလုပ်ကို သင့်တင့်မျှတရုံသာ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အလုပ်ချိန်မှာ အချိန်မီအလုပ်ပြီးစီးအောင် အားထည့်လုပ်ဆောင်ပြီး အလုပ် ချိန်အပိုတွေ မများစေဖို့ သတိထားသင့်ပါတယ်။


by Cherry Mon
Ref; Good Times
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။