အခန့်မသင့်သဖြင့် မန္တလေး ဦးပိန်တံတားပေါ်မှ အမျိုးသားတစ်ဦး ရေထဲပြုတ်ကျသေဆုံး

ယနေ့ ဇူလိုင်လ (၃၀)ရက်နေ့ နေ့လည် (၁)နာရီခန့်မှာ မန္တလေးတိုင်းဒေသကြီးရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဦးပိန်တံတားပေါ်မှာ  လမ်းလျှောက်လာသူ အမျိုးသားတစ်ဦး ရုတ်တရတ် အခန့်မသင့်သဖြင့် ရေထဲပြုတ်ကျ သေဆုံးသွားကြောင်း သိရပါတယ်။

ယခုဇူလိုင်လအတွင်း မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးများထစ်ချုန်းရွာသွန်းပြီး မိုးကြီးခဲ့တာကြောင့် မန္တလေးတိုင်းဒေသကြီးရဲ့ တောင်သမန်အင်းထဲမှာလည်း ရေများပြည့်နေခဲ့ပါတယ်။ 

ကနဦးသတင်းများအရ သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဝါးတုန်းရွာနေ အသက်(၄၈)နှစ်အရွယ်ဟု သိရှိရပြီး ၎င်းအမျိုးသားဟာ ဇနီးသည်နဲ့အတူ ဦးပိန်တံတားပေါ် လမ်းလျှောက်နေချိန် အတက်ရောဂါကြောင့် ရေထဲပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ သေဆုံးသူအမျိုးသားဟာ ဦးပိန်တံတားရဲ့ အလယ်ပိုင်း၊ အခန်း (၅၈)၊ တိုင်အမှတ်(၅၈)အနီးမှ ရေထဲပြုတ်ကျသွားရခြင်းဖြစ်ပြီး ရေထဲကို မြုပ်သွားတယ်လို့လည်း မျက်မြင်သက်သေတွေကပြောပါတယ်။ 

အဆိုပါ အမျိုးသား ရေထဲပြုတ်ကျသွားတဲ့နေရာကို မြို့နယ်မီးသတ်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဌက်လှေအသင်းအဖွဲ့တို့မှ ဝိုင်းဝန်းရှာဖွေရာ မိနစ်(၃၀)ခန့်အကြာမှာ အသက်သေဆုံးလျှက် ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့လည်း သိရပါသေးတယ်။ လက်ရှိမှာတော့ သေဆုံးသူအမျိုးသားရဲ့ အလောင်းကို ရဲဆေးစာနဲ့အတူ အမရပူရမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ထားကြပါတယ်။

Source; အမရပူရမြို့နယ် ထွေအုပ်

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။