ခြင်ပြေးစေနိုင်တဲ့ သဘာဝ ရနံ့များ

မိုးတွင်းအခါသမယမှာ ရှောင်လွှဲလို့မရတဲ့အရာတစ်ခုက ခြင်အန္တရာယ်ပါ။ မြစ်ချောင်းအင်းအိုင်နဲ့ နီးတဲ့ နေရာတွေဆို ပိုဆိုးတာပေါ့။ ခြင်ရိုက်လျှပ်စစ် ဘက်တံနဲ့ တစ်ချိန်လုံး လိုက်ရိုက်နေဖို့လည်း အချိန်က ပေးနိုင်အုံးမှ။ ခြင်ဆေးထွန်းပြန်ရင်လည်း ကျန်းမာရေးထိခိုက်မှာ စိုးရသေးတယ်။ ဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းဖို့ ခြင်ပြေးစေနိုင်တဲ့ သဘာဝ ပန်းပင်တွေ၊ အရွက်တွေကို ပြောပြချင်ပါတယ်။

စမုန်စပါးပင်၊ ပူစီနံရွက်၊ ယူကလစ်ပင်အရွက်၊ ကလိုဗာရွက်

ဒီအရွက်တွေရဲ့ ရနံ့ကို ခြင်တွေက ကြောက်ပါတယ်။ ဒီအပင်တွေရဲ့ အရွက်တွေကို အရည်ရအောင် ကျိတ်ပြီးတော့ ခန္ဓာကိုယ်မှာ ဖြန်းပေးလို့ရသလို မီးဖို၊ မီးအိမ်၊ မီးခွက် တွေမှာလည်း ဖြန်းပေးလို့ရပါတယ်။ ဒါမှမဟုတ် အရည်ကို ဂွမ်းလေးနဲ့ဆွတ်ပြီး ပြတင်းပေါက်ဘောင်တွေမှာ သုတ်ထားလို့လည်း ရပါတယ်။

လေညှင်းပွင့်

လေညှင်းပွင့် ၅ ဂရမ်လောက်ကို ရေထည့်ထားတဲ့ ဖန်ခွက်ထဲထည့်ပါ။ ဖန်ခွက်ကို ဒယ်အိုးထဲထည့်ပြီး ၁၅ မိနစ်လောက် ပေါင်းခံပါ။ ပြီးလျှင် သင်ကြိုက်တဲ့ ရနံ့တစ်မျိုးမျိုး ထပ်ထည့်နိုင်ပါတယ်။ ပြီးရင်တော့ ခန္ဓာကိုယ်မှာ ဖြန်းပေးနိုင်ပါတယ်။ ဒီရနံ့က တစ်ခါဖြန်းထားပြီးရင် ၂ နာရီလောက် ခံပါတယ်။

ထင်းရှူးကိုင်း

ဒါကတော့ ရိုးရှင်းပါတယ်။ ထင်းရှူးကိုင်းကို မီးနဲ့ရှို့လိုက်ပါ။ ဒါမှမဟုတ် မီးဖိုထဲကို ထင်းရှူးကိုင်းတွေ ပစ်ထည့်ထားလိုက်ပါ။ ထင်းရှူးကိုင်း လောင်ကျွမ်းပြီး ထွက်တဲ့ အငွေ့နဲ့ အနံ့က ခြင်ပြေးစေမှာပါ။

သစ်ကတိုးအဆီ

သစ်ကတိုးအဆီက ခြင်သာမက ယင်ကောင်နဲ့ ပိုးဟပ်ကိုပါ ပြေးစေပါတယ်။ အနံ့စွဲတဲ့ အဝတ်စမှာ သစ်ကတိုး အဆီကို သုတ်လိမ်းပြီး ခြင်ဝင်နိုင်တဲ့နေရာတွေမှာ ထားထားလိုက်ပါ။ 

ပင်စိမ်းရွက်

ပင်စိမ်းရွက်ဖြစ်စေ၊ ပင်စိမ်းပွင့်ဖြစ်စေ အခန်းထဲမှာ ထားထားလို့ရသလို ခန္ဓာကိုယ်မှာလည်း ပွတ်လိုက်လို့ ရပါတယ်။

 

သဘာဝ အပင်တွေသာမက အခြား အိမ်သုံးပစ္စည်းတွေကလည်း ခြင်ပြေးစေနိုင်ပါတယ်။ ဟင်းချက်ဆီ၊ ခေါင်းလျှော်ရည်၊ ဗနီဂါ တို့ကို အချိုးညီစွာ ရောစပ်ပြီး အမြှုပ်ထလာသည်အထိ ပွတ်ပါ။ အမြှုပ်တွေကို ခန္ဓာကိုယ်မှာ သုတ်လိမ်းလို့ရသလို ဗူးထဲထည့်ပြီး ခြင်ပြေးစေဖို့ ဗူးအဖုံးဖွင့်ထားလည်း ရပါတယ်။ ခြင်အန္တရာယ် ကင်းဝေးကြပါစေနော်။

Ref; www.topbuzz.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။