ဖခင်က အလုံပိတ်ကားအတွင်းမှာ မေ့ပြီးထားခဲ့တာကြောင့် အမြွှာကလေးငယ်နှစ်ယောက်သေဆုံး

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှာ ဖခင်ဖြစ်သူက တစ်နှစ်အရွယ် အမြွှာသားငယ်နှစ်ယောက်ကို အလုံပိတ်ထားတဲ့ ကားထဲ မှာ ၈ နာရီကြာထားပစ်ခဲ့မိတာကြောင့် ကလေးနှစ်ယောက်လုံး သေဆုံးသွားခဲ့တယ် လို့ ဇူလိုင် ၂၈ ရက် နေ့က CNN ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ နယူးယော့ခ်က သက်ဆိုင်ရာ အာဏာပိုင် တွေရဲ့အဆိုအရ အဲဒီလူဟာ ကလေးနှစ်ယောက်ကို ကလေးထိန်းကျောင်းပို့ပြီးခဲ့ပြီအထင်နဲ့ သူ့အလုပ်ရှိရာကို သွားကာ ကားကို ရပ်ထားခဲ့တာလို့ ဆိုပါတယ်။


အသက် ၃၉ နှစ်အရွယ် Juan Rodriguez ဟာ အဲဒီအမှုနဲ့ပတ်သက်လို့ “ကျွန်တော်အလုပ်မသွားခင် သူတို့ကို နေ့ကလေးထိန်းကျောင်းပို့ခဲ့ပြီးပြီလို့ ထင်လိုက်တာ။ ကျွန်တော်သတိလက်လွတ်ဖြစ်သွားခဲ့တယ်။ ကျွန်တော့် သားလေးနှစ်ယောက် ဆုံးသွားပြီ။ ကျွန်တော်သတ်လိုက်မိတာပါ” လို့ ယူကျုံးမရစွာ ထုတ်ပြောခဲ့ပါတယ်။ ဖခင်ဖြစ်သူ Rodriguez ဟာ လူသတ်မှု၊ ကလေးသူငယ်တွေကို အန္တရာယ်ဖြစ်စေမှုတို့နဲ့ တရားစွဲဆိုခံခဲ့ရတယ် လို့ နယူးယော့ခ်ရဲဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။


Rodriguez ရဲ့ ရှေ့နေဖြစ်သူ Joey Jackson ကလည်း Rodriguez ဟာ အရမ်းကို ယူကျုံးမရဖြစ်နေပုံရ ကြောင်း CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အခုအဖြစ်အပျက်နဲ့ပတ်သက်လို့ Rodriguez ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာလည်း အတော်လေးဆိုးရွားနေတယ်လို့ သိရပါတယ်။


နယူးယော့ခ်ရဲဌာနရဲ့အဆိုအရ အမြွှာကလေးငယ်နှစ်ယောက်ကို ပြီးခဲ့တဲ့ သောကြာနေ့မှာ Bronx က Honda ဆီဒန်ကားတစ်စီးရဲ့ ကားအနောက်ခန်းမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ကြရတာ ဖြစ်ပါတယ်။ Mariza နဲ့ Phoenix Rodriguez လို့ နာမည်ရတဲ့ အဲဒီအမြွှာလေးနှစ်ယောက်ဟာ ရပ်ပြီးအလုံပိတ်ထားတဲ့ ကားထဲမှာ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ၈ နာရီကြာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ အလုပ်ချိန်ပြီးလို့ ကားဆီ ပြန်လာချိန်မှာ ကားအတွင်းမှာ သေဆုံးနေတဲ့ကလေးနှစ်ယောက်ကို တွေ့ရှိခဲ့ရပါတယ်။


သေဆုံးသူကလေးငယ်နှစ်ယောက်ရဲ့ ဖခင်ဖြစ်သူ Rodriguez ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေအရ ပေါ့ဆမှုကြောင့် လူသေစေမှုအတွက် ထောင် ၄ နှစ်နဲ့ ကြိုတင်ကြံရွယ်ခြင်းမဟုတ်သော်လည်း ပြစ်မှုမြောက်တဲ့ လူသေစေမှုအတွက် ထောင် ၁၅ နှစ်နဲ့ အထက် ကျခံရဖွယ်ရှိကြောင်း သိရပါတယ်။ သူ့ရဲ့ နောက်ထပ် ရုံးချိန်း ကတော့ လာမယ့် သြဂုတ် ၁ ရက်နေ့ ဖြစ်ပါတယ်။


by Cherry Mon
Ref; CNN



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။