Live လွှင့်နေချိန် error တက်ပြီး မူရင်းရုပ်ပေါ်လာတဲ့ နာမည်ကျော်ဘလော့ဂါအမျိုးသမီး

နည်းပညာတွေ အရမ်းတိုးတက်လာတဲ့ အခုခေတ်အခါမှာ အွန်လိုင်းပေါ်တင်တဲ့ ပုံတိုင်းကို အမှန်လို့ ယူဆမရ တာ သိရှိပြီး ဖြစ်မှာပါ။ တရုတ်နိုင်ငံမှာလည်း သူမကိုယ်သူမ “Your Highness Qiao Biluo”  လို့ နာမ်စားသုံး လေ့ရှိတဲ့ ပရိသတ် အင်အားတောင့်တင်းတဲ့ နာမည်ကျော် ဗီဒီယိုဘလော့ဂါတစ်ယောက်ဟာ live လွှင်နေစဉ် error တက်ပြီး ထည့်ထားတဲ့ filter တွေပျောက်ကာ သူမရဲ့ရုပ်ရည်အမှန် ပေါ်လာခဲ့ပါတယ်။


အဆိုပါဘလော့ဂါဟာ သူမရဲ့မျက်နှာကို ကင်မရာမှာ ပါဝင်တဲ့ filter တွေနဲ့ ပြုပြင်ပြီး အသက်ငယ်ငယ်ချောချော ကောင်မလေးတစ်ယောက်အသွင် ဟန်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က အဲဒီလို live လွှင့်ချိန် error တက်တဲ့အခါမှာတော့ သူမဟာ သာမန်ရုပ်ရည်နဲ့ သက်လတ်ပိုင်းအမျိုးသမီးဆိုတဲ့ အမှန်တရား ပေါ်ထွက်လာပါ တော့တယ်။


မူလက သူမဟာ တရုတ်နိုင်ငံက ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Douyu မှာ follower ပေါင်း တစ်သိန်းကျော်ရှိသူ ဖြစ်ပါတယ်။ သူမဟာ filter တွေနဲ့ ပြုပြင်ပြောင်းလဲထားတ့ ရုပ်ရည်သွင်ပြင်နဲ့ ချိုသာတဲ့ အသံတို့ကြောင့် လူသိများသူလည်း ဖြစ်ပါတယ်။ တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ Global Times ရဲ့ဖော်ပြချက်အရဆိုရင် သူမဟာ အမာခံပရိသတ်တချို့က ချစ်စရာနတ်ဘုရားမလေးတစ်ပါးအဖြစ် ညွှန်းဆိုပြီး အရူးအမူးအားပေးခြင်းခံရသူဖြစ်သလို တချို့ပရိသတ်တွေ လည်း တရုတ်ယွမ်ငွေတစ်သိန်းကျော် ပေးခဲ့ပါတယ်။


သူမရဲ့ပရိသတ်တွေက filter တွေ ဖယ်ရှားပြီး မျက်နှာ အစစ်အမှန်ကိုပြဖို့ တောင်းဆိုခဲ့ဖူးပေမဲ့လည်း သူမက ငြင်းဆန်ခဲ့ပြီး “ယွမ်တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၁,၅၅၀ ဝန်းကျင်) ဖိုး လက်ဆောင်မရမချင်း မျက်နှာကို မပြနိုင်ကြောင်းနဲ့ သူက ရုပ်ချောတဲ့တင်ဆက်သူတစ်ယောက် ဖြစ်ကြောင်း” ပြန်ပြောခဲ့ပါတယ်။


အဲဒါကြောင့် သူမရဲ့ follower တွေက သူမကို ပိုက်ဆံတွေလှမ်းလွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလိုပြောနေချိန် အတွင်းမှာကိုပဲ သူမဟာ ယွမ်လေးသောင်းကျော်လောက် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ရုပ်ရည်အစစ်အမှန် ပေါ်ထွက်လာပြီးနောက်မှာတော့ သူမရဲ့မူရင်း follower တွေ၊ အထူးသဖြင့် အမျိုးသားတွေဟာ သူမကို follow ထားတာကို ရပ်တန့်လိုက်ကြပြီး သူတို့လွှဲထားတဲ့ငွေတွေကိုလည်း ပြန်လည်ရုပ်သိမ်းသွားကြတယ်လို့ သိရပါတယ်။


အဲဒီလို Qiao Biluo ရဲ့ ရုပ်ရည်အစစ်မှန်ပေါ်ထွက်လာတဲ့ သတင်းဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန် သူတွေလည်း အများအပြားရှိလာခဲ့ပါတယ်။ တချို့ကလည်း အဲဒီလိုအွန်လိုင်းဗီဒီယိုဘလော့ဂါတစ်ယောက်ကို ပိုက်ဆံလွှဲရဲတဲ့ အမျိုးသားတချို့ရဲ့ ဉာဏ်ရည်ကို မေးခွန်းထုတ်နေကြပါတယ်။ အဲဒီအဖြစ်ကြောင့် Qiao Biluo တစ်ယောက် အရင်လို live မလွှင့်တော့ပေမဲ့ သူမရဲ့ Douyu page ဟာ အခုဆိုရင် ဝင်ရောက်စပ်စုကြတဲ့ လူတွေကြောင့် follower ပေါင်း ခြောက်သိန်းခွဲရှိသွားပါပြီ။ 


by Cherry Mon
Ref; BBC

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။