ကျောင်းပြေးချင်လို့ ခန္ဓာကိုယ်ကို permanent marker pen နဲ့ အစက်တွေခြယ်ခဲ့မိတဲ့ ကောင်မလေး

ငယ်ငယ်က ကျောင်းမတက်ချင်လို့ ကဂျီကဂျောင်ကျဖူးကြလား။ Lily Schooley လို့ နာမည်ရတဲ့ အသက် ၆ အရွယ် ကောင်မလေးတစ်ယောက်ကတော့ ကျောင်းမသွားချင်လို့ မဟာအကြံဉာဏ်တစ်ခုကို ကြံစည်ခဲ့ပါတယ်။ အဲဒါကတော့ သူမကိုယ်ပေါ်မှာ အနီရောင် marker pen နဲ့ သူမမျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို အစက်အပြောက်တွေ ခြယ်ပြီး နေမကောင်းတဲ့ပုံစံမျိုး ဟန်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ သူမ မသိလိုက်တာကတော့ သူမသုံးလိုက်တဲ့ ဘောပင် ဟာ အရာဝတ္ထုတွေပေါ်မှာ လုံးဝပြန်ဖျက်လို့မရတဲ့ permanent marker ဖြစ်နေတာပါပဲ။


အဲဒီနေ့က အတန်းထဲမှာ စာလုံးပေါင်းသတ်ပုံစစ်ဆေးမှာ ဖြစ်တာကြောင့် လုံးဝကျောင်းမသွားချင်ခဲ့တာကြောင့် လီလီတစ်ယောက် အဲဒီလိုကြံစည်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့သူငယ်ချင်းတချို့ အတန်းထဲမှာ နေမကောင်းလို့ ခွင့်တိုင်တာကို မြင်ဖူးနေတဲ့ လီလီဟာ သူမလည်း အဲဒီလိုနည်းနဲ့ ကျောင်းပျက်ခွင့်ရဖို့ ကြိုးစားခဲ့တာပါ။ ကျောင်းမှာ ကလေးတချို့ ရေကျောက်ပေါက်ပြီး ကျောင်းမလာနိုင်တာကို သူမက အတုယူခဲ့တာပါလို့လည်း သူမရဲ့မိခင်ဖြစ်သူ ချားလော့ထ်ကဆိုပါတယ်။


လီလီဟာ အိမ်စာလုပ်ဖို့အကြောင်းပြပြီး အနီရောင် marker pen ကို ငှားရမ်းခဲ့ပါတယ်။ အဲဒီလို marker pen ယူသွားပြီး ၁၀ မိနစ်လောက်အကြာမှာတော့ လီလီတစ်ယောက် အောက်ထပ်ကို ပြေးဆင်းလာပြီး သူမ ရေကျောက်ပေါက်နေပြီဖြစ်ကြောင်း မိခင်ကို လာပြောခဲ့ပါတယ်။ ကံကောင်းတာကတော့ လီလီ့ရဲ့မိဘတွေဟာ သူမရဲ့အဖြစ်မှန်ကို ချက်ချင်းရိပ်မိခဲ့တာပါပဲ။


လီလီ့ရဲ့မိဘတွေက အမှန်ကိုသိပေမဲ့ သိကြောင်းမပြောဘဲ ဆေးခန်းသွားပြရမယ်လို့ ခြိမ်းခြောက်ပြီး သူမ အမှန် ကို ဝန်ခံအောင် ပြန်လည်လှည့်ဖြားပြောဆိုခဲ့ပါတယ်။ တခြားကလေးငယ်တွေလိုပဲ ဆေးခန်းမသွားချင်တဲ့ လီလီ ဟာ အဲဒီလိုခြိမ်းခြောက်တော့မှ အမှန်ကို ထုတ်ပြောပြီး သူမကိုယ်ပေါ်က အစက်အပြောက်တွေကို ဖျက်ဖို့ ကြိုးစားပါ တော့တယ်။ ကံဆိုးချင်တော့ အစက်တွေက ဖျက်လို့မရတော့ပါဘူး။


လီလီတစ်ယောက် သူမသုံးခဲ့တာက အရာဝတ္ထုတွေပေါ်မှာဆိုရင် ပြန်တောင်ဖျက်လို့မရတဲ့ permanent marker pen ဆိုတာကို မသိခဲ့ရှာတာပါ။ သူမဟာ အဲဒီအစက်တွေကို ဆပ်ပြာ၊ ဆီ၊ ရေချိုးဆပ်ပြာနဲ့ hairspray တို့နဲ့ ဖျက်ဖို့ ကြိုးစားပေမဲ့လည်း မပျက်ခဲ့ပါဘူး။


သူမအတွက် သင်ခန်းစာဟာ အဲဒီမှာတင် ရပ်တန့်မသွားခဲ့ပါဘူး။ နောက်တစ်ရက်ကျောင်းသွားချိန်အထိ သူမ ကိုယ်ပေါ်မှာ အစက်အပျောက်တွေပါသွားခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်ပြန်တော့ အဲဒီလိုဖြစ်တဲ့အချိန် ဟာ ကြာသာပတေးနေ့ညဖြစ်တာကြောင့် လီလီ တစ်ယောက် သောကြာနေ့တစ်ရက်ပဲ အစက်အပြောက်တွေနဲ့ ကျောင်းတက်ခဲ့ရပါတယ်။


by Cherry Mon
Ref; Good Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။