ခြေထောက်နာတာကို ဦးနှောက်ကင်ဆာဆိုပြီး မှားယွင်းကုသမှုကြောင့် လူနာသေဆုံး

၂၀၁၈ ဂျူလိုင်လတုန်းက အိန္ဒိယနိုင်ငံ၊ Kolkata မြို့မှာ Mr Ashok Diwan (အသက် ၆၁) ဆိုတဲ့ စီးပွားလုပ်ငန်းရှင်တစ်ယောက်ဟာ ကျန်းကျန်းမာမာရှိနေရာကနေ ညာဘက်ခြေထောက် အားနည်းလာခဲ့တာကြောင့် Kolkata က Apollo Gleneagles ဆေးရုံမှာ ကုသမှုခံယူခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာ SN Singh ဆိုတဲ့ အာရုံကြောအထူးကုဆရာဝန်မှ Ashok ကို MRI Brain Scan ပြုလုပ်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဒေါက်တာ Singh မှ Ashok မှာ ဦးနှောက်ကင်ဆာ အဆင့် ၄ ရှိနေပြီဖြစ်ပြီး ကုသဖို့မမှီတော့ဘူး၊ နောက်ထပ် ၁၈ လ ပဲ ခံတော့မယ်လို့ ပြောခဲ့ပါတယ်။

Related image

ဦးနှောက်မူမှန် မမှန် ဦးနှောက်ရဲ့ ဘိုင်အိုစီကို စစ်ရမယ့်အစား ဒီအဆင့်ကိုကျော်ပြီး MRI Scan ကို ပြုလုပ်ခဲ့တာပါ။ ဒေါက်တာ SN Singh ပြောတာက သူတို့ ဆေးရုံမှာ ဘိုင်အိုစီစစ်တဲ့စက် မရှိလို့ပါတဲ့။ နောက်ရက်အနည်းငယ်အကြာမှာ ဒေါက်တာ SN Singh က အကြိတ်ကုဆရာဝန်ကို ခေါ်ပြခဲ့ပါတယ်။ အဲဒီအကြိတ်ကုဆရာဝန်ကလည်း Ashok ရဲ့ရောဂါဟာ ကုလို့မရတော့ဘူး၊ ကင်ဆာဆေး သွင်းမယ်ဆိုရင်လည်း ရောဂါပိုဆိုးလာပြီး ၁ လ ကနေ ၂ လ ပဲ အသက်ရှင်နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

အဲဒီဆရာဝန်တွေဟာ ဘိုင်အိုစီမစစ်ပဲ Ashok ကို ဓာတ်ကင်ခြင်း၊ ခီမိုသွင်းခြင်းတွေ တစ်လလောက် ပြုလုပ်ခဲ့တဲ့အချိန်မှာ Ashok ရဲ့အခြေအနေက ပိုဆိုးလာပါတယ်။ ဒီလိုအခြေအနေဆိုးလာတာကို ဂရုမစိုက်ဘဲ အကြိတ်ကုဆရာဝန်ဟာ ကင်ဆာဆေးတွေပဲ ဆက်သွင်းပေးခဲ့ပါတယ်။ အခြေအနေ အရမ်းဆိုးလာတဲ့အခါမှ ဆေးသွင်းတာကို ရပ်လိုက်ကြပါတယ်။ ဒါပေမဲ့လည်း ဆေးသွင်းတာက ၇၅%လောက် ပြုလုပ်ပြီးနေပါပြီ။

ဆေးရုံမှာ ကုသမှုခံယူပြီး တစ်လအတွင်းမှာတင် Ashok ရဲ့အခြေအနေက အတော်လေး ဆိုးရွားသွားပါတယ်။ ကျန်းမာတဲ့သူတစ်ယောက်အဖြစ်ကနေ အရေးပေါ်အခန်းမှာ ၄ လလောက် ထားရတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ နောက်တော့ Ashok ဟာ ခြေလက်တွေ မလှုပ်ရှားနိုင်တော့ဘဲ ကျောက်ကပ်တွေလည်း အလုပ်မလုပ်တော့ပါဘူး။

ဆေးရုံက အလွန်အကျွံသွင်းပေးထားတဲ့ ဗီတာမင်ဆေးတွေကြောင့် Ashok ဟာ ဆီးချိုလည်း ဖြစ်လာပါတယ်။ သွေး၊ အဆုတ်နဲ့ ဦးနှောက်ထဲကိုလည်း ပိုးဝင်ခဲ့ပါတယ်။ ဒါ့အပြင် လူ ၁.၃ သန်းမှာမှ ၁ ယောက်သာ ဖြစ်နိုင်တဲ့ Toxic Epidermal Necrolysis (TEN) လို့ခေါ်တဲ့ သေစေနိုင်တဲ့ အရေပြားရောဂါကိုလည်း ခံစားခဲ့ရပါတယ်။ ဒီလောက်ဖြစ်နေတာကိုတောင် သီးသန့်ကြပ်မတ်ဆောင်မှာ မထားပေးဘဲ အရေးပေါ်လူနာဆောင်မှာပဲ Ashok ကို ဆက်ထားခဲ့ကြပါတယ်။

အခြေအနေတော်တော်လေး ဆိုးလာတဲ့အခါမှာတော့ ဆရာဝန်တွေဟာ Ashok ကို ဆေးထိုးပြီး အသက်နှတ်ဖို့ အကြံပြုခဲ့ကြပါတယ်။ ဒါဟာ ဆေးရုံက ဆရာဝန်တွေရဲ့အပြစ်ကို ဖုံးဖို့ သက်သေဖျောက်ခြင်း ဖြစ်တယ်လို့ Ashok ရဲ့သားဖြစ်သူက ဆိုပါတယ်။ ဒါ့အပြင် Ashok အသက်ကို သေစေဖို့ကြံစည်တာ ဒီတစ်ခါတည်းမဟုတ်ပါဘူး။ ကျောက်ကပ်ဆေးပေးစဉ်တုန်းကလည်း ဆေးရည်ကို နွေးအောင်လုပ်ပေးရမယ့် အဆင့်ကိုကျော်ပြီး ဆေးပေးခဲ့ပါတယ်။ အဲလိုလုပ်ခြင်းကြောင့် Ashok သေမလိုဖြစ်ခဲ့ပါသေးတယ်။ Ashok ရဲ့မိသားစုမှ ကျောက်ကပ်ဆေးဖို့အရည်ကို နွေးအောင် အရင်လုပ်ဖို့လိုကြောင်းပြောမှ ဆရာဝန်တွေက ပြန်လုပ်ပေးခဲ့ပါတယ်။ အဲဒီတော့မှ Ashok ရဲ့ကိုယ်အပူချိန်ပြန်တက်လာပြီး အသက်မသေခဲ့တာပါ။

Apollo Gleneagles ဆေးရုံမှ Ashok ကို လက်လျှော့လိုက်ပြီးနောက်မှာ Ashok ရဲ့ ဆေးရုံစရိတ်တွေကို မတောင်းခံတဲ့အပြင် Chennai မှာရှိတဲ့ Apollo ဆေးရုံခွဲကိုပြောင်းရွေ့ကုသဖို့နဲ့ ကုသစရိတ်လည်း ပေးစရာမလိုကြောင်း ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူက ကမ်းလှမ်းခဲ့ပါတယ်။ Ashok မိသားစုမှ လက်ခံပြီး ဆေးရုံပြောင်းရွေ့တဲ့အခါမှာတော့ Apollo ဆေးရုံ CEO က Ashok မိသားစုဟာ ဆေးရုံစရိတ်မပေးချင်လို့ လိမ်လည်နေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

ဒီလိုနဲ့ Ashok မိသားစုလည်း Chennai က Apollo ဆေးရုံကို မပြောင်းဘဲ Medica ဆေးရုံကိုသာ ပြောင်းခဲ့ရပါတယ်။ ဒါကိုတောင် Apollo ဆေးရုံက ဆေးရုံစရိတ်တွေ လှမ်းတောင်းနေပါသေးတယ်။ ဒါ့အပြင် ဆေးရုံစရိတ်မပေးဘဲ ထွက်ပြေးသွားတယ်ဆိုပြီး Medica ဆေးရုံကို လှမ်းအကြောင်းကြားခဲ့ကြပါသေးတယ်။

၂၀၁၈ နိုဝင်ဘာ မှာတော့ Ashok ရဲ့ မိသားစုက Ashok ကို ကုသဖို့ အာရုံကြောအထူးကု ဒေါက်တာ LN Tripathy ဆီ ပြသခဲ့ပါတယ်။ ဆရာဝန်ကတော့ Ashok ရဲ့အခြေအနေက လက်လွန်နေပြီလို့ ပြောခဲ့ပါတယ်။ ၂၀၁၈ ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ Ashok ကွယ်လွန်ခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုး အခြားသူတွေ မဖြစ်စေဖို့၊ ဒီလိုဆေးရုံမျိုးတွေကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ပြီး Ashok ရဲ့သားဖြစ်သူက ဖြစ်ကြောင်းကုန်စဉ်ကို ရေးသားတင်ခဲ့ခြင်း ဖြစ်ပါတယ်။

Ref; www.worldofbuzz.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။