ကျောက်ကပ်လှူပေးခဲ့တဲ့ သူငယ်ချင်းနဲ့ မခေါ်မပြောနိုင် ဖြစ်နေတဲ့ ဆလီနာဂိုးမက်ဇ်

၂၀၁၇ နွေရာသီတုန်းက ဆလီနာရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ရေဆာက ဆလီနာကို ကျောက်ကပ်လှူပေးခဲ့ပါတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ကျောက်ကပ်အစားထိုးကုသမှုက အောင်မြင်ခဲ့ပြီးတော့ ဆလီနာကဟာ ရေဆာကို အရမ်းကျေးဇူးတင်ခဲ့ပါတယ်။ 

“သူမဟာ ကျွန်မကို အစားထိုးလို့မရတဲ့ လက်ဆောင်ပေးခဲ့တာပါ။ သူမရဲ့ ကျောက်ကပ်တစ်ခုကို ကျွန်မအတွက် စတေးခဲ့တာပါ။ သူမသာ မကယ်ရင် ကျွန်မသေနေလောက်ပြီ။ သူမလို သူငယ်ချင်းမျိုးရှိတာ ကျွန်မအတွက် အရမ်းကံကောင်းတယ်။” လို့ Elle ရဲ့Talk Show မှာ ဆလီနာက ပြောခဲ့ဖူးပါတယ်။

ဒီလို ပတ်သက်မှုမျိုးတွေ ရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်က အခုလုံးဝ စကားမပြောတော့ဘူးဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောစဉ်က အဆုံးသတ်မယ့် အနေအထားမှာ ရှိနေတယ်လို့ သတင်းအချက်အလက်တစ်ခုက ဆိုပါတယ်။ Radar Online ရဲ့သတင်းတစ်ခုအရ သူတို့နှစ်ယောက် စကားမပြောတာ ယခင်နှစ် အောက်တိုဘာလကတည်းက ဖြစ်တာကြောင့် ၉ လလောက်ရှိပြီလို့ သိရပါတယ်။

အဲလို မခေါ်မပြောနိုင် ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဆလီနာဟာ သူမပြောခဲ့တဲ့စကားနဲ့အညီ မနေထိုင်လို့ပါ တဲ့။ ဆလီနာဟာ Alcohol နဲ့ပတ်သက်တာတွေကို မသောက်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူမနေပြန်ကောင်းလာတဲ့အခါမှာ သူမစကားအတိုင်း မလုပ်ခဲ့ပါဘူး။ ဒါကြောင့် ရေဆာဟာ စိတ်ပူပြီး ဆလီနာကို ဒီလိုတွေ မလုပ်ဖို့ ဖုန်းဆက်ဖြောင့်ဖြခဲ့ပါတယ်။

ဆလီနာဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အရက်ကို လုံးဝရှောင်ရမယ့် သူတစ်ယောက်ပါ။ ဒါပေမဲ့ သူငယ်ချင်းရဲ့စကားကို နားမထောင်၊ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ ဆလီနာဟာ အရက်တွေသောက်၊ ပါတီတွေတက်ခဲ့ပါတယ်။ ဒီလို လုပ်နေတာတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေက မေးခွန်းထုတ်လာတဲ့အခါမှာ ဆလီနာက အခုလို ပြန်ဖြေခဲ့ပါတယ်။

“ဒါဟာ ကျွန်မကိုယ်ပိုင်ဘဝပဲ။ ဝိုင်တစ်ခွက်လောက်သောက်တာကို အပြစ်ပြောတယ်ဆိုရင် ကျွန်မ ၂ ခွက် သောက်ပစ်လိုက်မယ်။ ဘာကိုမှ ဖုံးကွယ်နေစရာမလိုပါဘူး။ ဒါကျွန်မဘဝပဲလေ” လို့ Elle နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရေဆာ (အသက် ၃၁ နှစ်) ဟာ ဆလီနာကို ကျောက်ကပ်လှူလိုက်တာကြောင့် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အားနည်းလာခဲ့ပါတယ်။ “၁၆ ပေါင်ပဲလေးတဲ့ ကျွန်မရဲ့ အိမ်မွေးခွေးလေးကိုတောင် ကျွန်မ မချီနိုင်တော့ပါဘူး။ ဒါက တကယ်ကို ခက်ခဲပါတယ်။” လို့ ရေဆာက ဆိုပါတယ်။ ဆလီနာကလည်း သူမအရမ်း အားနည်းလွန်းလို့ သာမန်အိမ်မှုကိစ္စလေးတွေကိုတောင် မလုပ်နိုင်တော့ကြောင်း မဂ္ဂဇင်းတစ်ခုမှာ ပြောထားပါတယ်။

နှစ်ဦးလုံးက အားနည်းတဲ့အခြေအနေဖြစ်နေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမနေရမယ့်အစား စကားမပြောနိုင်မဆိုနိုင်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ဘာလဲဆိုတာတော့ ဘယ်သူမှ သေချာပေါက်မပြောနိုင်ပါဘူး။ သေချာတာကတော့ ဆလီနာဟာ ကျန်းမာရေးနဲ့မညီညွတ်တာကို လုပ်တဲ့အတွက် သူငယ်ချင်းဖြစ်သူနဲ့ စကားများရန်ဖြစ်ကြပုံပေါ်ပါတယ်။

အသက်ကယ်ပေးခဲ့တဲ့ သူငယ်ချင်းကို ဆလီနာက ပြန်ခွင့်လွှတ်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ဘာတွေပဲ ဖြစ်ခဲ့ပါစေ ခုလောလောဆယ်တော့ ဆလီနာဟာ ရေဆာရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကြောင့်သာ အသက်ဆက်ရှင်နေရတာမဟုတ်လား။

Ref; www.topbuzz.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။