ဖုန်းဆက်ထီထိုးသူမှ ထီလက်မှတ်မလိုချင်တော့ဘူးဆိုလို့ သိန်း(၅)ထောင်ဆုရှင်ဖြစ်လာတဲ့ ထီရောင်းသူ

ယနေ့ သြဂုတ်လ (၁)ရက်နေ့မှာတော့ (၆)ကြိမ်မြောက် သိန်း(၅)ထောင် ဆုကြေးကြီးကို မြိတ်မြို့နယ်မှ ထီရောင်းကိုယ်စားလှယ် ကန်ဖျားဆီဆိုင်မှ ဦးအောင်ဝင်းက ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သိန်း(၅)ထောင် ထီလက်မှတ်ဟာ ဖုန်းဆက် ထီလှမ်းထိုးသူမှ မယူတော့ဘူးလို့ အကြောင်းပြန်ခြင်းကြောင့် ကံကောင်းထောက်မစွာ ရရှိခဲ့တဲ့ ထီလက်မှတ်တဲ့အကြောင်း ဦးအောင်ဝင်းက အခုလို ပြောပါတယ်။ 

 “ ကျွန်တော်က လက်ပွေ့ရောင်းတာပါ။ အားပေးတဲ့သူတွေက လူကိုယ်တိုင်လာရောက် အားပေးသလို ဖုန်းနဲ့ ဆက်သွယ်ပြီး အားပေးတဲ့သူတွေလည်း ရှိပါတယ်။ အခုထီလက်မှတ် လက်ကျန်က သူလိုချင်တဲ့ဂဏန်းကို ဖုန်းနဲ့ ထီထိုးထားပြီး ဇူလိုင်လ (၃၁)ရက် ညဘက်မှာ မယူတော့ဘူးဆိုပြီး ဖုန်းဆက်အကြောင်းကြားလာတယ်။ ထီထိုးတဲ့သူမယူဘူးဆိုတော့ ကျွန်တော်ပဲ ဒီထီလက်မှတ်ကို ယူလိုက်ရတယ်။ ကံအားလျော်စွာ သိန်း (၅)ထောင်ဆု ပေါက်နေတယ် ” လို့ ဦးအောင်ဝင်းက ပြောပါတယ်။

http://admin.we.com.mm/upload/image/August2019/L5a0KfdfQ3c8TduLiNpw.jpg

ချက်ချင်းဆိုသလို သိန်း(၅)ထောင်ဆုကြေးရှင်ကြီးဖြစ်သွားတဲ့ ဦးအောင်ဝင်းဟာ မြိတ်စက်ဘီးအသင်းမှ အသင်းဝင်တစ်ဦးဖြစ်ပြီး အသင်းအပေါ်သံယောဉ်ကြီးတာကြောင့် ဆုကြေးများထုတ်ယူပြီး အလှူအတန်းများပြုလုပ်ပြီးပါက မြိတ်စက်ဘီးအသင်းမှ အသင်းသူ/သားများအား (၆)ညအိပ် (၇)ရက် ဘန်ကောက်ခရီးစဉ် ပို့ဆောင်ပေးမည်ဟုလည်း သိရပါသေးတယ်။ မမြင်နိုင်တဲ့ ကံကြမ္မာအပြောင်းအလဲကြောင့် နေ့ချင်းညချင်း ကံထူးရှင်ဖြစ်သွားတဲ့ ဦးအောင်ဝင်းဟာ တကယ့်ကို ထူးခြားတဲ့ ကံထူးရှင် တစ်ဦးပါဘဲ။

Source; Myat Htut (Myeik)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။