တစ်ရက်တာ Hand Modelling လုပ်ပေးရုံနဲ့ ဒေါ်လာ ၆၀၀၀ ကျော်ရခဲ့တဲ့ လက်စူပါမိုဒယ်နီနာတေလာ

နာမည်ကျော်စူပါမိုဒယ်အတော်များများလိုပါပဲ၊ နီနာတေလာ (Nina Taylor) ဆိုတာဟာလည်း ဖက်ရှင်မဂ္ဂဇင်း တွေရဲ့ စာမျက်နှာတွေမှာ ပါဝင်ခဲ့ဖူးပြီး ဖက်ရှင်အမှတ်တံဆိပ်များစွာအတွက်လည်း မိုဒယ်လုပ်ပေးခဲ့ဖူးသူပါ။ ဒါပေမဲ့ သူမနာမည်ကို ကြားဖူးမှမဟုတ်သလို သူမရဲ့မျက်နှာကိုလည်း မြင်ဖူးမှာမဟုတ်ပါဘူး။ သူမရဲ့မျက်နှာဟာလည်း လှပပေမဲ့ သူမမျက်နှာကြောင့်မဟုတ်ဘဲ သူမရဲ့လက်လှလှလေးကြောင့် ဝင်ငွေကောင်းကောင်းရရှိနေတာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူမဟာ Hand Modelling လုပ်ရတဲ့ လက်မိုဒယ်တစ်ယောက်ဖြစ်နေလို့ပါပဲ။


လန်ဒန်သူ နီနာတေလာဟာ နာမည်ကျော်စူပါမိုဒယ် ကိတ်မော့စ် (Kate Moss) ရဲ့ လက်မိုဒယ်အဖြစ် လူသိများ ပြီး သူမရဲ့လှပတဲ့လက်လေးကို ပေါင် ၂ သန်းနဲ့ အာမခံထားထားရတဲ့အထိ အောင်မြင်သူ ဖြစ်ပါတယ်။ နီနာဟာ Chanel, Tom Ford, Fendi, Charlotte Tilbury နဲ့ Fairy Liquid တို့လို နာမည်ကျော် brand တွေအတွက် လက်နဲ့ မိုဒယ်လုပ်ပေးရုံနဲ့ တစ်နေ့ကို ပေါင် ၅၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၆၁ ဝန်းကျင်) အထိ ဝင်ငွေရရှိခဲ့သူ ဖြစ်ပါတယ်။


နီနာဟာ ကိတ်မော့စ်တင်မက ဂျနီဖာလော့ရင့်စ်၊ စကားလက်ဂျိုဟန်ဆန်၊ ဒမ်မီမိုးရ်နဲ့ ဟေဒီကလမ်းတို့လို နာမည်ကျော်ဆယ်လီတွေရဲ့ အစားထိုးလက်မိုဒယ်အဖြစ်လည်း ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ နီနာဟာ Channel 5 (UK) ရဲ့ Million Pound Hand Job ဆိုတဲ့ documentary အစီအစဉ်မှာ သူမ လက်မိုဒယ်အဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ အတွေ့အကြုံအသေးစိတ်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။


နီနာဟာ ၂၀၁၂ ခုနှစ်တုန်းက Jaguar မဂ္ဂဇင်းအတွက် Benedict Cumberbatch ရဲ့ ဓာတ်ပုံမှာ သူရဲ့မျက်နှာ ပေါ်ကို လက်ချောင်းတွေတင်ပြီး မိုဒယ်လုပ်ပေးရတဲ့ ငါးမိနစ်စာအချိန်လေးအတွက် ပေါင်တစ်သောင်းအထိ ဝင်ငွေ ရရှိခဲ့ပါတယ်။ အဲဒီလိုလက်ကိုပဲအသုံးပြုပြီး hand modeling လုပ်တဲ့ သူတွေ အများကြီးရှိပေမဲ့ နီနာက တော့ အအောင်မြင်ဆုံး လက်မိုဒယ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

Related image


နီနာဟာ အဲဒီ hand modelling အလုပ်ကို နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့ပြီး သူမရဲ့အလုပ်သက်တမ်းမှာ အမြဲတမ်းလက်မလည်အောင် အလုပ်လုပ်ခဲ့ရပါတယ်။ အဲဒီလို hand modelling လုပ်တဲ့နေရာမှာလည်း လက်ဟာ လှပနေရုံတင်မကဘဲ သွယ်သွယ်စင်းစင်းနဲ့ အရေးအကြောင်းကင်းစင်ကာ အနာအဆာကင်းကင်း ရှိနေရ မှာ ဖြစ်ပါတယ်။


မျက်နှာမပါဘဲ လက်နဲ့သရုပ်ဆောင်တယ်ဆိုတာဟာလည်း လွယ်လှတယ်တော့ မဟုတ်ပါဘူး။ လက်လေး အပြစ်အနာအဆာကင်းပြီး လှနေရုံနဲ့ မလုံလောက်ပါဘူး။ လက်ရဲ့အနေအထားမှန်ဖို့ ကြော်ငြာတဲ့ပစ္စည်းနဲ့ ရိုက်ရတဲ့အနေအထားကိုလိုက်ပြီး လိုက်ဖက်စွာ သဘာဝကျကျရှိနေဖို့ လိုအပ်ပြီး အဲဒီအတွက်လည်း လေ့ကျင့် ယူရတာ ဖြစ်ပါတယ်။


by Cherry Mon
Ref; Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။