ကျန်းမာရေးကောင်းကြောင်း အသိပေးနေတဲ့ ခန္ဓာကိုယ်ရဲ့ထူးခြားတဲ့ လက္ခဏာများ

လူတွေဟာ တစ်နေ့တစ်နေ့ ဘဝအတွက် ရုန်းကန်နေရတာနဲ့ ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ သတိမထားမိကြပါဘူး။ ဒါပေမဲ့ လူတွေရဲ့ခန္ဓာကိုယ်က အရမ်းကို ထူးခြားပါတယ်။ ဦးနှောက်က မေ့လျော့နေတဲ့အရာတွေကို ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်တွေက သတိပေးတတ်ကြပါတယ်။ 

“မင်းတော့နေမကောင်းဖြစ်နေပြီ၊ မင်းတော့အရမ်းကို တက်ကြွလန်းဆန်းနေပြီ” ဆိုတဲ့ အကြောင်းတွေကို ခန္ဓာကိုယ်က ထူးဆန်းတဲ့ နည်းလမ်းလေးတွေ ပြောပြတတ်ကြပါတယ်။ ဒီတော့ ခန္ဓာကိုယ်က “မင်းနေကောင်းတယ်” ဆိုတာကို ဘယ်လို နည်းလမ်းတွေနဲ့ ပြောပြလဲဆိုတာ လေ့လာကြည့်ကြရအောင်နော်။


တံတွေးအများကြီးထွက်တယ်

Image result for saliva

ခံတွင်းကျန်းမာနေဖို့ ခန္ဓာကိုယ်က လုံလောက်တဲ့ တံတွေးထုတ်ပေးလေ့ရှိပါတယ်။ တံတွေးဟာ ခံတွင်းရဲ့ pH Level ကို ထိန်းညှိပေးပြီး သွားတွေကိုလည်း ကာကွယ်ပေးပါတယ်။ တကယ်လို့ တံတွေးတွေအများကြီး ခံတွင်းထဲမှာ ပြည့်နေတယ်ဆိုရင် သွားပေါက်လေးတွေကို ဖြည့်နေတာ ဖြစ်နိုင်ပါတယ်။ တံတွေးဟာ အစာချေဖျက်စနစ်မှာလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ဝါးလိုက်တဲ့အစာတွေ ရှောရှောရှူရှူဗိုက်ထဲ ရောက်သွားဖို့ တံတွေးရဲ့အကူအညီလိုပါတယ်။ ဒါကြောင့် အာခံတွင်းလေးက တံတွေးနဲ့ အမြဲစိုစွတ်နေတယ်ဆိုတာ ကျန်းမာရေးအတွက် ကောင်းတဲ့ လက္ခဏာပါ။


အရေခွံကွာတယ်

Image result for flaky palm

အရေခွံတွေ ခြောက်ပြီးကွာတယ်ဆိုတာ လုံးဝ ပုံမှန်ဖြစ်စဉ်ပါပဲ။ ဆဲလ်အသေတွေ သူ့ဘာသူကွာကျပြီး အရေပြားအသစ်ဖြစ်သွားတာ ဘယ်လောက်တောင်ကောင်းလဲ။ ဆောင်းတွင်းမှာဆို အသားအရေခြောက်ပြီး အရေခွံတွေ ပိုကွာပါတယ်။ ဒါကို အတင်းမခွာပါနဲ့။ moisturizer လေးလိမ်းပြီး ခွာလို့ရသလို ရေချိုးနေရင်းနဲ့လည်း ဆပ်ပြာနဲ့အတူ ခွာချဆေးကြောပစ်လို့ ရပါတယ်။ Exfoliate လုပ်တယ်ဆိုတာ ဒီသဘောတရားပါပဲ။


အဖြူဆင်းတယ်

Image result for vaginal discharge

ဒါကတော့ အမျိုးသမီးများအတွက် သီးသန့်ပါ။ မိန်းကလေးများ အောက်ခံဘောင်းဘီမှာ အဖြူရောင် အကွက်လေးတွေ ကျန်ခဲ့တာမျိုး ဖြစ်ဖူးကြမှာပါ။ သန့်စင်တဲ့ အဖြူဆင်းတာက မိန်းမကိုယ်လေးဟာ သူ့ရဲ့ လုပ်ငန်းစဉ်တွေကို ပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုတဲ့ သဘောပါ။ ဒါပေမဲ့ အနံ့ဆိုးပြီး အရောင်ကလည်း ညစ်ညမ်းနေတယ်ဆိုရင်တော့ ပိုးဝင်နေတယ်ဆိုတဲ့ လက္ခဏာပါ။ မိန်းမကိုယ်နေရာက နာတယ်၊ ယားတယ်၊ အနံ့ဆိုးထွက်နေတယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။


အီးပေါက်တယ်

Related image

လေလည်မှ ပြေလည်တယ်ဆိုတာ သိကြမှာပါ။ လေလည်တာ နံတယ်ဆိုပေမယ့် ဒါက ခန္ဓာကိုယ်က သူ့အလုပ်သူလုပ်နေတယ်ဆိုတဲ့ သဘောပါပဲ။ တစ်နေ့မှာ အကြိမ် ၂၀ အီးပေါက်တာက ပုံမှန်ပဲ လို့ ဆရာဝန်တွေက ပြောထားပါတယ်။ ခွဲစိတ်မှုတွေ လုပ်ပြီးတဲ့အခါမှာလည်း ခန္ဓာကိုယ် ပုံမှန်အတိုင်း ပြန်ဖြစ်မဖြစ်ကို အီးပေါက်ခြင်းနဲ့ ဆုံးဖြတ်ကြတာပဲလေ။ ဒါပေမဲ့ လေလည်တဲ့အချိန်မှာ နာကျင်မှုရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။


နှပ်ချေးထွက်တယ်

Image result for catch cold

မဖျားပေမယ့် နှပ်ချေးထွက်တယ်ဆိုတာ နှာခေါင်းက သန့်စင်မှုတွေ လုပ်နေတာပါ။ နှပ်ချေးထွက်တယ်ဆိုတာ ပိုးမွှားတွေ၊ ပြင်ပ အညစ်အကြေး၊ ဖုံမှုန့်တွေ အဆုတ်ထဲမရောက်အောင် ကာကွယ်ခြင်းတစ်မျိုးပါပဲ။ နှာခေါင်းထဲမှာ ရှိတဲ့ အမွှေးအမျှင်လေးတွေဟာ အညစ်အကြေးတွေ ဝင်လာရင် နှာခေါင်းထဲက အာရုံခံစနစ်ကို သတိပေးလိုက်ပါတယ်။ အဲဒီအခါ အညစ်အကြေးတွေကို စွန့်ထုတ်ပစ်ဖို့ နှပ်ချေးတွေ ထွက်လာတာပါ။ နှပ်ချေးမှာ သွေးအနည်းငယ်ပါတယ်ဆိုရင်လည်း မစိုးရိမ်ပါနဲ့။ နှပ်ထွက်လာတဲ့အချိန်မှာ ခြောက်သွေ့နေတဲ့ အသက်ရှူလမ်းကြောင်းနဲ့ သေးမျှင်တဲ့ သွေးကြောတွေကို ဖြတ်သန်းလာခဲ့ရလို့ ဖြစ်ပါတယ်။


နားဖာချေးထွက်တယ်

Image result for ear wax

နားဖာချေးတွေ ထွက်တာက စိတ်ညစ်စရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါက ကျန်းမာရေးကောင်းခြင်းရဲ့ လက္ခဏာပါပဲ။ နားဖာချေးထွက်တယ်ဆိုတာ နှပ်ချေးထွက်သလိုပါပဲ။ နားဖာချေးဟာ နားလမ်းကြောင်းကို ချောမွေ့စေပြီး နားစည်ကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ပြင်ပက ပိုးမွှားတွေ ဝင်မလာအောင် ခုခံထားပေးပါတယ်။ ဒါကြောင့် နားဖာချေးကို အားလုံးကုန်စင်အောင် ဆေးကြောသန့်စင်ပစ်ဖို့ မသင့်ပါဘူး။ ဒါကြောင့် နားဖာချေးကလော်တတ်တဲ့ အကျင့်ရှိနေရင် မလုပ်ဖို့ အကြံပြုချင်ပါတယ်။ နားဖာချေး ကလော်ခြင်းက နားစည်ကို ထိခိုက်စေပါတယ်။ နားထဲမှာ နားဖာချေးတွေ အရမ်းများနေတယ်လို့ထင်ရင်လည်း ကျွမ်းကျင်သူတွေဆီ ပြသင့်ပါတယ်။


ဗိုက်ထဲက အသံမြည်တယ်

Image result for stomach gurgling

တစ်ခါတလေ တိတ်ဆိတ်ငြိမ်သက်နေတဲ့အခါမျိုးမှာ ဝမ်းဗိုက်ထဲကနေ ထူးဆန်းတဲ့ အသံလေးတွေ ထွက်နေတာ ခံစားဖူးကြမှာပါ။ ဗိုက်ဆာလို့ အော်တာမျိုးမဟုတ်ဘဲ ဒီတိုင်းအသံလေးတွေ ထွက်လာတာမျိုးပါ။ ဒီအသံဟာ အစာတွေ၊ အရည်တွေနဲ့ အငွေ့တွေ အစာချေဖျက်စနစ်ထဲမှာ ရွေ့လျားနေပြီး ဝမ်းဗိုက်ကြွက်သားတွေက လှုပ်ရှားနေလို့ ထွက်လာတဲ့ စည်းချက်သံလေးတွေပါ။ ဒီအသံလေးတွေကြားရင် သင်ကျန်းမာရေးကောင်းနေတယ်၊ အစာချေဖျက်စနစ်က ပုံမှန်လည်ပတ်နေတယ်ဆိုတာ သိထားလိုက်ပါ။


ဝမ်းပုံမှန်သွားတယ်

Image result for going to toilet

တစ်နေ့ သုံးခါလောက် ဝမ်းသွားလို့ များတယ်လို့မထင်ပါနဲ့။ ဒါကပုံမှန်ပါပဲ။ တစ်နေ့မှာ စားသလောက် ဝမ်းပြန်မသွားမှသာ ပုံမှန်မဟုတ်တာပါ။ ဝမ်းပျက်တာမျိုးမဟုတ်ပဲ ဝမ်းမကြာခဏသွားတယ်ဆိုတာ အစာချေဖျက်စနစ်မှာ လိုအပ်တဲ့ ရေပမာဏနဲ့ အမျှင်ဓာတ်ပြည့်ဝနေတယ်ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ နေ့စဉ် ပုံမှန်သွားနေကျထက် များလာတယ်ဆိုရင်တော့ ကိုယ်စားမိတဲ့ အစားအစာတွေကို တစ်ချက်ပြန်စစ်ဆေးကြည့်ဖို့လိုပါပြီ။ 

Related image

လူအများစုကတော့ နေမကောင်းဖြစ်ရင်သာ ခန္ဓာကိုယ်ရဲ့သတိပေးချက်ကိုတန်းသိတာ။ နေကောင်းနေရင်တော့ သတိမထားမိကြတာ များတယ်လေ။ တကယ်တော့ ကိုယ်ကျန်းမာနေတာကိုလည်း သတိပြုသင့်ပါတယ်။ ကျန်းမာခြင်းဆိုတာ လာဘ်တစ်ပါးပဲ မဟုတ်ပါလား။ ကိုယ် ကျန်းမာနေတာ သိရတော့ ကျန်းမာနေတဲ့ ခန္ဓာကိုယ်လေးကို ပိုပြီး ကျန်းမာအောင် ထိန်းသိမ်းချင်စိတ်တွေ ဖြစ်သွားတာပေါ့။ 


Ref; www.bustle.com

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။