ကွာရှင်းခွင့်တောင်းလို့ ဇနီးသည်ရဲ့ကော်ဖီခွက်ထဲ ပုံမှန်ဆေးခတ်ခဲ့တဲ့ အမျိုးသား

အမေရိကန်ပြည်ထောင်စု၊ မီရှီဂန်ပြည်နယ်က Brian Kozlowski ဆိုသူ အမျိုးသားတစ်ယောက်ဟာ ဇနီးသည် ဖြစ်သူကို အဆိပ်ဖြစ်စေတဲ့ ဆေးခတ်တဲ့အမှုနဲ့ အပြစ်ဒဏ်ကျခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ရက်ပေါင်း ၆၀ ပဲ ထောင်ကျခဲ့တာဖြစ်ပြီး အလုပ်ပိတ်ရက်မှာပဲ အပြစ်ဒဏ်ကျခံရမယ်လို့ ဆိုပါတယ်။ အဲဒီအကြောင်းကို သြဂုတ် ၁ ရက်နေ့မှာ Daily Mail သတင်းဌာနက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။



ကော့ဇ်လိုစကီဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အဆိပ်ခတ်တဲ့ပြစ်မှုမြောက်ကြောင်း ဆုံးဖြတ်ပြီးချက်ကျပြီးချိန်မှာ အခုလိုအပြစ်ဒဏ်ကျခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ မေလက ကော့ဇ်လိုစကီရဲ့ဇနီးဖြစ်သူဟာ သူ့ကို ကွာရှင်းခွင့် တောင်းခံပြီးတဲ့နောက်မှာ သူဟာ ဇနီးသည်ရဲ့ကော်ဖီခွက်ထဲကို အခုလို ဆေးစခတ်ခဲ့တာလို့ သိရပါ တယ်။ သူဖျော်ပေးတဲ့ ကော်ဖီသောက်ပြီးချိန်တိုင်း မျက်ခွံတွေလေးလံပြီး ပင်ပန်းနွမ်းနယ်သလို ခံစားရလေ့ရှိတဲ့ ဇနီးသည်ဟာ အဲဒီနှစ် ဇူလိုင်မှာတော့ မီးဖိုခန်းထဲမှာ ကင်မရာတပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။



ဇနီးဖြစ်သူဟာ အဲဒီကင်မရာကနေတဆင့် ကော့ဇ်လိုစကီတစ်ယောက် သူမရဲ့ကော်ဖီခွက်ထဲကို Diphenhydramine လို့ခေါ်တဲ့ ဆေးဝါးတစ်မျိုး ထည့်နေတာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ Diphenhydramine ဟာ Benadryl လို့ခေါ်တဲ့ နာမည်ကျော် allergy ဆေးထဲမှာ ပါဝင်တဲ့ အဓိကပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သူဟာ ဇနီးသည်သောက်မယ့်ကော်ဖီထဲကို အဲဒီဆေး ၁၂၇ မီလီလီတာခန့် ထည့်သွင်းခဲ့တယ်လို့ စစ်ဆေးသိရှိရပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ အဲဒီဆေးကို သုံးစွဲနိုင်တဲ့ ပမာဏဟာ ၂၅ နဲ့ ၅၀ မီလီဂရမ်ကြား ဖြစ်ပါတယ်။


တစ်ကြိမ်မှာတော့ သူတို့နှစ်ဦးရဲ့ သမီးဖြစ်သူဟာ မိခင်သောက်သုံးမယ့် ဆေးခတ်ထားတဲ့ ကော်ဖီကို မတော်တဆ သောက်လိုက်မိတာကြောင့် အလုပ်သွားနေရင်းနဲ့ ကားပေါ်မှာ အိပ်မောကျသွားတော့မတတ် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။



အဲဒီလိုကင်မရာကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုကိုကြည့်ရှုပြီးနောက်မှာ ဇနီးသည်ဟာ သူမရဲ့ကွာရှင်းမှုအတွက် ငှားရမ်းထားတဲ့ ရှေ့နေ့ကို ချက်ချင်းဆက်သွယ်ပြီး အိမ်ကနေ ချက်ချင်းပြောင်းရွှေ့သွားခဲ့ပါတယ်။ ကော့ဇ်လိုစကီတစ်ယောက်လည်း အဲဒီပြစ်မှုအတွက် တရားရုံးမှာ စစ်ဆေးခံခဲ့ရပါတယ်။ အဲဒီအမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။



ကော့ဇ်လိုစကီနဲ့ ဇနီးဖြစ်သူဟာ အိမ်ထောင်သက် ၂၂ နှစ် ကြာခဲ့ပြီး ကလေးသုံးယောက် ထွန်းကားခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကြာ ပေါင်းသင်းနေထိုင်ခဲ့ကြပြီးမှ အခုလို ပြဿနာတွေ ဖြစ်ပွားခဲ့တာပါ။


By Cherry Mon
Ref; Daily Mail


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။