Fan girl တွေကို အသည်းကွဲသွားစေတဲ့ Keanu Reeves ရဲ့ ရုပ်သွင်အသစ်

လတ်တလောမှာ အင်တာနက်ရဲ့ Boyfriend အဖြစ် နာမည်ကြီးနေတဲ့ John Wick မင်းသားကြီး ကီနူးရီးဗ်စ် (Keanu Reeves) ဟာ ယောကျာ်းလေးပရိသတ်တွေရှိသလို မိန်းကလေးပရိသတ်တွေအားပေးခြင်းခံရတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ အသက် ၅၄ နှစ်အရွယ်ရှိပေမဲ့ အရွယ်တင်နုပျိုပြီး အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းဖြစ်တာကြောင့် သူ့ကို သဘောကျတဲ့ fan girl တွေ မနည်းလှပါဘူး။



ဒါပေမဲ့ ရီးဗ်စ်အပါအဝင် ဟောလိဝုဒ်သရုပ်ဆောင်တိုင်းလိုလိုဟာ ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပုံစံ ပြောင်းလဲရတာဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ လက်ရှိရိုက်ကူးနေတဲ့ Bill & Ted 3 ခေါ် Bill & Ted Face The Music ရုပ်ရှင်ရဲ့ ရိုက်ကွင်းမှာ သူပါဝင်ထားတဲ့ ဇာတ်ကောင်အတွက် ပုံစံပြောင်းလဲထားရတဲ့ ရီးဗ်စ်ကို မြင်ရင် သူ့ပရိသတ်တွေ တအံ့တသြဖြစ်သွားမှာ သေချာပါတယ်။



အဲဒီဇာတ်ရုပ်မှာ တွေ့မြင်နေကျ ရီးဗ်စ်ရဲ့ပုံစံနဲ့ရော၊ ရီးဗ်စ်ရဲ့အနုပညာသက်တမ်းတလျှောက် သရုပ်ဆောင်ခဲ့တဲ့ ပုံစံတွေနဲ့ရော လုံးဝမတူညီတဲ့ အသွင်အပြင်ပုံစံမျိုးနဲ့ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ သူ့ရဲ့သင်္ကေတစ်ခုလို ဖြစ်နေ တဲ့ ကုပ်ပေါ်ဝဲနေတဲ့ ဆံပင်ရှည်ရှည်အစား ဘေးနှစ်ဖက်ကို အပြောင်ရိတ်ထားပြီး ခေါင်းအလယ်မှာပဲ ဆံပင်ရှိတဲ့ ခပ်ဆန်းဆန်းဆံပင်စတိုင်က ရီးဗ်စ်ရဲ့အသွင်ကို မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားစေတာပါ။ ဒါ့ပြင် အရင်လိုခပ်ရေးရေးနှုတ်ခမ်းမွှေးမဟုတ်ဘဲ ထူထဲနက်မှောင်နေတဲ့ မုတ်ဆိပ်ကြီးတပ်ဆင်ထားတာကလည်း ရီးဗ်စ်ကို တခြားသူတစ်ယောက်လို လုံးဝပြောင်းလဲသွား စေပါတယ်။



Bill and Ted 3 လို့ လူသိများတဲ့ Bill & Ted Face the Music ကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၂၁ ရက်နေ့မှာ ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။ ဒါရိုက်တာ Dean Parisot စီစဉ်ရိုက်ကူးနေတဲ့ အဲဒီ Bill and Ted Face the Music မှာ ရီးဗ်စ်က တက်ဒ် (Ted “Theodore” Logan) နေရာက ဆက်လက်ပါဝင်ထားပြီး မင်းသား Alex Winter ကတော့ အရင်လိုပဲ ဘီလ် နေရာက တွဲဖက်သရုပ်ဆောင်ထားပါတယ်။


ရီးဗ်စ်ဟာ ၁၉၈၉ ခုနှစ်ကတည်းက Bill & Ted ရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Bill & Ted’s Excellent Adventure မှာ Ted အဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး အဲလက်စ်ဝင်းတားကလည်း ဘီလ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ လည်း Bill & Ted’s Bogus Journey မှာ သူတို့နှစ်ယောက် ဆက်လက်ပါဝင်ခဲ့ပါတယ်။ အခု ၃ ကားမြောက် ဖြစ်တဲ့ Bill & Ted Face the Music ကတော့ ပထမဆုံးကားထွက်ရှိပြီး နှစ်ပေါင်း ၃၀ အကြာမှာ ရိုက်ကူးတယ် လို့ ဆိုရမှာပါ။



Bill & Ted ဟာ တက်ဒ်နဲ့ ဘီလ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကို အခြေခံရိုက်ကူးထားတဲ့ အမေရိကန်ဟာသ ရုပ်ရှင်ဇာတ်လမ်းတွေဖြစ်ပြီး အဲဒီခေတ်အခါက နာမည်ကျော်လူကြိုက်များခဲ့ပါတယ်။ အရင်ရုပ်ရှင်နှစ်ခုတုန်းက တော့ လူငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ ဟာသနှောထားတဲ့ ဇာတ်လမ်းဖြစ်ပြီး အခုဇာတ်လမ်းမှာတော့ သမီး ကိုယ်စီရှိပြီး သက်လတ်ပိုင်းအရွယ်ရောက်နေပြီဖြစ်တဲ့ တက်ဒ်နဲ့ ဘီလ်တို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။



by Cherry Mon
Ref; Metro UK, The Sun UK, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။