ဆေးဆိုင်ထဲဝင်လာပြီး ဒဏ်ရာရနေတဲ့လက်ကို ကုသပေးဖို့ အကူအညီတောင်းခဲ့တဲ့ ခွေးလေး

လမ်းဘေးခွေးလေးတစ်ကောင် ဆေးဆိုင်ထဲကို ဝင်လာပြီး ဆိုင်ရှင်ဆီကို တန်းတန်းမတ်မတ်သွားကာ သူ့ရဲ့ ဒဏ်ရာရနေတဲ့ လက်ကလေးကို ထိုးပေးမယ်ဆိုရင် စာနာသနားတတ်သူတိုင်း မကူမညီဘဲ နေနိုင်မယ်မထင်ပါဘူး။



တူရကီက ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်တဲ့ Banu Cengiz ဟာ တိရိစ္ဆာန်လေးတွေ အထူးသဖြင့် ခွေးလေးတွေကို ချစ်မြတ်နိုးသူ ဖြစ်ပါတယ်။ ခွေးလေးတွေကိုလည်း သူမတတ်နိုင်သလောက် ကူညီပေးလေ့ရှိ သူပါ။ သူမရဲ့ခွေးလေး Dorothy ဟာလည်း လမ်းဘေးခွေးလေးတစ်ကောင်ဖြစ်ခဲ့ဖူးပြီး လွန်ခဲ့တဲ့ နှစ်များစွာက ကယ်ဆယ်မွေးမြူထားတာ ဖြစ်ပါတယ်။



သူမရဲ့ဆေးဆိုင်တည်ရှိရာ ဒေသဟာလည်း လမ်းဘေးခွေးလေးတွေ များပြားတဲ့ ဧရိယာတစ်ခုဖြစ်ပါတယ်။ အဲဒီ ဧရိယာတဝိုက်က ခွေးလေးတွေဟာ ကြုံရာနေရာမှာ အိပ်ကြပြီး စာနာသနားတတ်သူတွေ ကျွေးမွေးပေးကမ်းတဲ့ စာကြွင်းစားကျန်လေးတွေကို စားရင်းနဲ့ နေထိုင်ကြတာပါ။ Banu ဟာလည်း သူမဆေးဆိုင်ရှေ့မှာ ခွေးလေးတွေ ခဏတာစားသောက်နေထိုင်ဖို့အတွက် လုံခြုံနွေးထွေးတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။



အဲဒါကြောင့် အဲဒီဧရိယာတဝိုက်က လမ်းဘေးခွေးအတော်များများဟာ ဆေးဆိုင်အပြင်ဘက်က သူတို့အတွက် ဖန်တီးပေးထားတဲ့ နေရာလေးမှာ နားခိုလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ အဲဒီလိုလာရောက်နားခိုစားသောက် နေကျ လမ်းဘေးခွေးလေးတွေထဲက ခွေးလေးတစ်ကောင်ဟာ ဆေးခန်းအပေါက်ဝမှာ ထိုင်နေခဲ့ပါတယ်။



Banu က အဲဒီခွေးလေးကို အထဲဝင်လာဖို့ခေါ်လိုက်တဲ့အခါ ချစ်စရာကောင်းတဲ့ ခွေးလေးက သွက်လက်စွာ ဝင်လာပြီး သူမရှေ့မှာထိုင်ကာ သူ့ရဲ့လက်လေးတစ်ဖက်ကို သူမဆီထိုးပေးပါတယ်။ သူမကြည့်လိုက်တဲ့အခါ သွေးတွေထွက်ပြီး ဒဏ်ရာရနေတဲ့ ခွေးလက်ဖဝါးလေးကို မြင်လိုက်ရပါတယ်။ သဘောကတော့ ခွေးလေးက ဒဏ်ရာရတဲ့ လက်ကိုပြပြီး သူ့ကို ကုသပေးဖို့ အကူအညီတောင်းခံလိုက်တာပါပဲ။




အဲဒါကြောင့် Banu လည်း ခွေးလေးရဲ့လက်က ဒဏ်ရာကို ဆေးကြောသန့်စင်ပေးပြီး ဆေးထည့်ပေးကာ ပိုးသတ်ဆေးလည်း ပေးခဲ့ပါတယ်။ Banu လုပ်နေသမျှကို နားလည်ပုံရတဲ့ ခွေးလေးဟာ ကုသပေးနေစဉ် တစ်ချိန်လုံး ငြိမ်ငြိမ်သက်သက် နေခဲ့ပါတယ်။





Banu က ကုသပေးပြီးချိန်မှာတော့ ခွေးလေးဟာ သူမရှေ့မှာ ကြမ်းပေါ်မှာ လှဲချပြီး သူမကို ယုံကြည်ကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ပြသခဲ့ပါတယ်။ “‘ငါမင်းကို ယုံပါတယ်’ လို့ သူပြောနေတာ” လို့ Banu ကိုယ်တိုင်က ခွေးလေးရဲ့အပြုအမူကို ဘာသာပြန်ပြခဲ့ပါတယ်။



Banu ဟာ အဲဒီခွေးလေးကို ဒဏ်ရာမြန်မြန်သက်သာစေဖို့ ဆေးဆိုင်အတွင်းမှာပဲ အိပ်စရာနေရာပေးပြီး အစာနဲ့ ရေကိုပါ တိုက်ကျွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတစ်နေ့တာကုန်ဆုံးချိန်မှာတော့ ခွေးလေးဟာ သူကျင်လည်ခဲ့တဲ့ လမ်းပေါ်က ဘဝထဲကို ပြန်သွားခဲ့ပါတယ်။ သေချာတာကတော့ ခွေးလေးဟာ Banu နဲ့ သူမရဲ့ကြင်နာမှုကို တစ်သက်လုံးသတိရနေမှာမယ် ဆိုတာပါပဲ။



by Cherry Mon
Ref; Good Times


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။