လမ်းခွဲတာမကျေနပ်လို့ ရည်စားဟောင်းနောက် နှစ်နှစ်ကြာအောင် ချောင်းလိုက်ခဲ့တဲ့ အမျိုးသား

တချို့လူတွေဟာ ဇွဲကောင်းတဲ့နေရာမှာ အတော်လေးကို ကြောက်စရာကောင်းပါတယ်။ မဟုတ်တဲ့နေရာမှာ ဇွဲကောင်းလွန်းလှသူတွေလည်း မနည်းလှပါဘူး။ တရုတ်နိုင်ငံက လူတစ်ယောက်ဟာလည်း လမ်းခွဲသွားတဲ့ ရည်းစားဖြစ်သူကို စွဲလမ်းစိတ်နဲ့ နှစ်နှစ်နီးပါးကြာအောင် သူမနောက်ကို တကောက်ကောက်ခြေရာခံလိုက်ခဲ့ပါ တယ်။



Tang လို့ နာမည်ရတဲ့ တရုတ်အမျိုးသားဟာ သူ့ရည်းစားဟောင်းကောင်မလေးနဲ့ တစ်နှစ်ခွဲကျော်ကျော် နှစ်နှစ်နီးပါးလောက် တွဲခဲ့ပြီးနောက်မှာ အခုလိုလမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ လမ်းခွဲခဲ့တာကြောင့် မကျေမနပ်ဖြစ်နေတဲ့ Tang ဟာ Liu လို့ နာမည်ရတဲ့ သူ့ရည်းစားဟောင်းကို ပိုမိုစွဲလမ်းလာခဲ့ပြီး နှစ်နှစ်လုံးလုံး သူမနောက်ကို တကောက်ကောက်လိုက်နေခဲ့တာပါ။
ရည်းစားဟောင်းဖြစ်တဲ့ Liu ကို ခြေရာခံဖို့အတွက် Tang ဟာ လက်ရှိဇနီးသည်ကိုတောင် ချက်ချင်းကွာရှင်းပစ်ခဲ့ပါတယ်။



အမှန်တော့ Tang ဟာ မိန်းမရှိရက်နဲ့ Liu နဲ့ ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို Liu ဟာ ရည်းစားဖြစ်ပြီး ၂ နှစ်လောက်အကြာမှ သိရှိခဲ့ပြီး အိမ်ထောင်သည်မှန်းသိသိချင်း လမ်းခွဲခဲ့တာပါ။ Tang နဲ့ Liu တို့ဟာ အွန်လိုင်းဂိမ်းတစ်ခုကနေ စတင်တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။



Tang ဟာ အိမ်ထောင်သည်တစ်ယောက်မှန်း သိတာနဲ့ Liu ဟာ ချက်ချင်းဆုံးဖြတ်ချက်ချပြီး လမ်းခွဲခဲ့တာပါ။ သူ့ကိုလမ်းခွဲခဲ့မှုကြောင့် မွှန်ထူသွားတဲ့ Tang ဟာ သူ့ရဲ့လက်ရှိမိန်းမကို ကွာရှင်းပြီး Liu နဲ့ ပြန်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Liu က လက်မခံတော့တာကြောင့် Liu နောက်ကို ခြေရာခံလိုက်နေခဲ့တာ နှစ်နှစ်လောက် ကြာ သွားခဲ့ပါတယ်။ သူဟာ Liu ကို ကားတင်ပြေးဖို့တောင် ကြိုးစားခဲ့သေးပေမဲ့ ကားတိုက်မှုသာ ဖြစ်သွားခဲ့ပါတယ်။



Tang ရဲ့ ရန်ကို ကြောက်သွားတဲ့ Liu ဟာလည်း သူ့ကို ရှောင်ရှားဖို့အတွက် မူလနေထိုင်ရာ Hunan ကနေ Jiangsu ကို ပြောင်းပြေးခဲ့ရတဲ့အထိပါပဲ။ ဒါပေမဲ့ သူဟာ သူမရဲ့လိပ်စာကို ရှာတွေ့သွားပြီး မယုံကြည်နိုင်စရာ လုပ်ရပ်ကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူမနေထိုင်ရာတိုက်ခန်းရှေ့မှာ ကားရပ်ပြီး ကားပေါ်မှာပဲ နေထိုင်ခဲ့တာပါပဲ။



တစ်နေ့မှာတော့ Tang ဟာ Liu ရဲ့ အိမ်ထဲအထိဖောက်ထွင်းဝင်ရောက်ပြီး သူမကို လည်ပင်းညှစ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာဘဲ Liu တစ်ယောက် သူ့လက်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ် ကြောင့် Liu တစ်ယောက် ထိတ်လန့်ကြောက်ရွံ့သွားရုံတင်ကမဘဲ Tang ရဲ့ သန်မာလှတဲ့ လက်တွေကြောင့် သေလုနီးပါးခံစားခဲ့ရတယ်လို့ ဆိုပါတယ်။



နောက်ပိုင်းမှာတော့ Tang ဟာလည်း အဖမ်းခံခဲ့ရပြီး သူဟာ Liu ကို ချစ်လွန်းပြီး အရမ်းစွဲလန်းခဲ့တာကြောင့် အခုလိုပြုမူမိကြောင်း ဝန်ခံခဲ့ပါတယ်။ Liu ကတော့ အရင်လို ကြောက်ရွံ့ထိတ်လန့်နေစရာမလိုဘဲ ပုံမှန်အတိုင်း နေထိုင်သွားနိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြောင်း ကိုယ့်အကြောင်းသေချာမသိဘဲ အွန်လိုင်းကနေ blind date သဘောမျိုး တွေ့ဆုံချစ်ကြိုက်ခဲ့တာဟာ အတော်လေးအန္တရာယ်များပြီး ကြောက်စရာကောင်းတယ် ဆိုတာ Tang နဲ့ Liu တို့က သက်သေပြလိုက်တာပါပဲ။


by Cherry Mon
Ref; Good Times





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။