ရေလွှာလျှောစီးရင်း six pack တွေ အပြိုင်အဆိုင်ထုတ်ကြွားခဲ့ကြတဲ့ Thor တို့ ညီအစ်ကို

ဟောလိဝုဒ်ရဲ့ အမိုက်စား အနုပညာရှင်ညီအစ်ကိုတွေထဲမှာ ထိပ်ဆုံးကပါဝင်သူတွေကတော့ Thor မင်းသား အဖြစ် နာမည်ကျော်လူသိများတဲ့ မင်းသားချော ခရစ်ဟမ်းစဝေါ့သ် (Chris Hemsworth) နဲ့ ညီဖြစ်သူ လီယမ်ဟမ်းစဝေါ့သ် (Liam Hemsworth) တို့ပါပဲ။ ခရစ်ကိုတော့ အထွေအထူး မိတ်ဆက်စရာ လိုမယ်မထင် ပါဘူး။ ညီဖြစ်သူ အသက် ၂၉ နှစ်အရွယ် မင်းသားချော လီယမ်ကတော့ နာမည်ကျော်အဆိုတော်မင်းသမီး မိုင်လေဆိုင်းရပ်စ်ရဲ့ အိမ်ထောင်ဖက် ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက သူတို့ညီအစ်ကိုနှစ်ယောက်ဟာ သြစတြေးလျနိုင်ငံ၊ တောင်ဝေလနယ်သစ်က Byron Bay ဆိုတဲ့ ပင်လယ်ကမ်းစပ်မြို့ရဲ့ ကမ်းစပ်တစ်နေရာမှာ မိသားစု၊ အပေါင်းအသင်းတွေနဲ့အတူ ရေလွှာ လျှောစီးခဲ့ကြပါတယ်။ အဲဒီလိုရေလွှာလျှောစီးတာကြောင့် ကိုယ်ကြပ်ဝတ်စုံတွေ အသီးသီးဝတ်ဆင်ထားကြတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ သူတို့ရဲ့ တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်ကို အပြိုင်အဆိုင်ထုတ်ပြခဲ့ကြတာကြောင့် နိုင်ငံတကာ သတင်းမီဒီယာကြားမှာ အတော်လေး ရေပန်းစားနေပါတယ်။



အသက် ၃၅ နှစ်အရွယ် Thor မင်းသား ခရစ်ကတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ သူပါဝင်ထားတဲ့ Avengers: Endgame နဲ့ Men in Black: International ရုပ်ရှင်တွေ ရုံတင်ပြသပြီးချိန်မှာတော့ အနုပညာလောကနေ ခဏတာအနားယူနေတာ ဖြစ်ပါတယ်။ သူဟာ ၈ နှစ်တာ ကာလလုံး Marvel ရဲ့ Thor ဇာတ်ကောင်အဖြစ် အစဉ်တစိုက် ပါဝင်ခဲ့ပြီးတဲ့ နောက် MCU ရဲ့ timeline တစ်ခုအဆုံးသတ်ချိန်မှာတော့ အခုလို မိသားစုကို အချိန်ပေးနေတာ ဖြစ်ပါတယ်။



သူ့ရဲ့ အနားယူကာလပြီးသွားတဲ့အခါကျရင်တော့ သူ့ကို Thor ဇာတ်ကောင်အဖြစ် ဆက်လက်တွေ့မြင်ကြရမှာ ဖြစ်သလို တခြားရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ပါဝင်သွားမှာပါ။ မိသားစုချစ်သူကြီးအဖြစ် လူသိများတဲ့ ခရစ် ဟာ အခုလောက် နာမည်မကြီးခင် ၂၀၁၀ ပြည့်နှစ် အစောပိုင်းကတည်းက စပိန်မင်းသမီး အယ်လ်ဆာပတ်တကီနဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး အဲဒီနှစ်၊ ဒီဇင်ဘာမှာပဲ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။ အခုဆိုရင် သူတို့ရဲ့ အိမ်ထောင်သက် ၉ နှစ်ကြာလာပြီဖြစ်ပြီး သားသမီး ၃ ယောက် ထွန်းကားနေပါပြီ။




ညီဖြစ်သူ လီယမ်ကတော့ ၂၀၁၀ ပြည့်နှစ်တုန်း The Last Song ဆိုတဲ့ နာမည်ကျော်အချစ်ဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ မိုင်လေဆိုင်းရပ်စ်နဲ့ အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ပြသ ခဲ့တဲ့ The Hunger Games ရုပ်ရှင်တွေမှာ Gale Hawthorne အဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်ရဲ့ Independence Day: Resurgence မှာလည်း ခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။



လီယမ်နဲ့ မိုင်လေတို့ဟာ ၂၀၀၉ ခုနှစ်တုန်းက The Last Song ရိုက်ကွင်းမှာ တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပြီး ပြတ်လိုက် ဆက်လိုက်နဲ့ ချစ်ခရီးဆက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သူတို့နှစ်ဦး ဒုတိယအကြိမ်စေ့စပ်ကြောင်းလမ်း ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာတော့ လက်ထပ်ခဲ့ကြပါတယ်။



ခရစ်နဲ့ လီယမ်တို့မှာ လုခ်ဟမ်းစဝေါ့သ်ဆိုတဲ့ အစ်ကိုကြီးတစ်ယောက်လည်း ရှိပါသေးတယ်။ ညီအစ်ကို ၃ ယောက်လုံး သြစတြေးလျရုပ်ရှင်မင်းသားတွေဖြစ်ကြပြီး သူတို့သုံးယောက်ထဲမှာ Thor မင်းသား ခရစ်ကတော့ လူသိအများဆုံးလို့ ဆိုရမှာပါ။



by Cherry Mon
Ref; Daily Mail, Wikipedia



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။