မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုလ်တု MyanmarSat 2 ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တဲ့ Video File

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအကြိမ်အဖြစ် အာကာသထဲ လွှတ်တင်တော့မယ့် ဂြိုလ်တု MyanmarSat 2 ကို ယမန်နေ့ သြဂုတ်လ (၆)ရက်နေ့၊ ဒေသစံတော်ချိန် ညနေ (၄)နာရီခွဲက ပြင်သစ်နိုင်ငံ၊ Arianespace Launch အာကာသဒုံးပျံလွှတ်တင်တဲ့ အခြေစိုက်စခန်းကနေ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဂြိုလ်တုကို Maxar Technologies မှ ထုတ်လုပ်တာဖြစ်ပြီး Arianespace Launch စခန်းမှ Ariane 5 နဲ့အတူ ပစ်လွှတ်တင်ခဲ့ကာ အခုဆို ၎င်း Intelsat 39 ဆက်သွယ်ရေးဂြိုလ်တုဟာ ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ အီကွေတာမျဉ်းနဲ့ လောင်တီကျူ့အရှေ့ (၆၂)ဒီဂရီအတိုင်း လည်ပတ်နေပြီလို့ သိရပါတယ်။


အခုလွှတ်တင်လိုက်တဲ့ ဂြိုလ်တုအတွက် စုစုပေါင်းအသုံးစရိတ်ဟာ ဒေါ်လာ (၁၅၅.၇)သန်းခန့် ရှိပြီး ခန့်မှန်းချေအားဖြင့် သက်တမ်း (၂၀)နှစ်ခန့်  အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အရှေ့လောင်ဂျီကျု့ (၆၂)ဒီဂရီ ပတ်လမ်းတည်နေရာကို ရောက်ရှိသည်နှင့် တပြိုင်နက် အာဖရိက၊ အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းရှိ Mobile ဖုန်းကုမ္ပဏီ လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေအပြင် လေကြောင်းပျံသန်းမှု၊ ပင်လယ်ရေကြောင်းသွားလာမှု လုပ်ငန်းတွေအတွက်လည်း များစွာ အဆက်သွယ်ရရှိနိုင်ပြီး Video ရိုက်မှုများကိုလည်း အရည်အသွေးကောင်းစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

အခုလို ဘက်စုံအသုံးဝင်တဲ့ Intelsat 39 ဆက်သွယ်ရေးဂြိုလ်တုကို နိုင်ငံတော်တော်များများမှာ သုံးစွဲနေကြပြီဖြစ်ပြီး အခုဆို မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်လာပါတယ်။ Intelsat 39 ဆက်သွယ်ရေးဂြိုလ်တုကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ကျန်းမာရေးဆောင်ရွက်မှုတွေ  ယခင်ထက် ပိုမိုကျယ်ပြန့်လာမှာဖြစ်ပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းတွေနဲ့လည်း လက်လှမ်းမိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝ ဘေးဒုက္ခလို အရေးပေါ်အခြေအနေမှာလည်း ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို ပိုပြီး အလွယ်တကူ ရယူစေနိုင်မှာဖြစ်သလို မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ အီလက်ထရောနစ် ဘဏ်စနစ် ဝန်ဆောင်လုပ်ငန်းအပြင် သတင်းအချက်အလက်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း မြန်မာနိုင်ငံတဝှမ်း လက်လှမ်းမီအောင် ဖြန့်ချီနိုင်မှာဖြစ်တယ်လို့ Intelsat ကြေညာချက်မှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံအနေနဲ့ လက်ရှိ ဆက်သွယ်ရေး ဝန်ဆောင်လုပ်ငန်းတွေကို အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နဲ့ ခွဲပြီး ဌားသုံးနေရတာ ဖြစ်ပြီး (၁)နှစ်ကို ဝန်ဆောင်ခ ဒေါ်လာ (၁၀)သန်း ကုန်ကျတာဖြစ်တယ်လို့လည်း သိရပါသေးတယ်။



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။