အသက် ၃၄ နှစ်နဲ့အိမ်သုံးလုံးပိုင်တဲ့အပြင် အငြိမ်းစားယူနိုင်ခဲ့တဲ့ အမျိုးသမီးရဲ့ငွေစုနည်း

လူတိုင်းလိုလို အသက်အရွယ်တစ်ခုရလာတဲ့အခါ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကားလေးရှိဖို့ စိတ်ကူးယဉ်ဖူးကြမှာပါ။ ဒါပေမဲ့ လက်တွေ့အကောင်အထည်မဖော်နိုင်သူကများပါတယ်။ သာမန် လက်လုပ်လက်စား ဝန်ထမ်းတွေအနေနဲ့ကလည်း တစ်လတစ်လတောင် လောက်အောင် မနည်းသုံးနေကြရသူတွေက ခပ်များများရယ်။ ငွေစုဖို့ဆိုတာတော့ ဝေလာဝေးပေါ့။ ဒါပေမဲ့ စိတ်ဓာတ်တော့မကျပါနဲ့။ ကြိုးစားရင် မင်းတောင် ဖြစ်နိုင်သေးတာပဲ။ အခုပြောပြမယ့် အမျိုးသမီးလိုမျိုး ကျင့်ကြံရင် သင်တို့ရဲ့အိပ်မက်တွေလည်း အကောင်အထည် ပေါ်လာနိုင်ပါသေးတယ်။


ဒီဂျပန်အမျိုးသမီးမှာ သူမ အသက် ၁၈ နှစ်အရွယ်တည်းက အိပ်မက်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူမအသက် ၃၄ နှစ် မတိုင်ခင် အိမ်သုံးလုံး ပိုင်ဆိုင်နိုင်ဖို့ပါ။ သူမရဲ့အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ သူမ အသက် ၁၈ တည်းက စတင် ကြိုးစားခဲ့ပါတယ်။ သူမ အသက် ၂၇ နှစ်မှာ အံ့သြစရာကောင်းလောက်အောင် ပိုက်ဆံစုနိုင်သူအဖြစ် ဂျပန်တီဗွီရှိုးမှာ ပါဝင်ခဲ့ပါသေးတယ်။ သူမဟာ ငွေကို ခြစ်ခြစ်ကုပ်ပုပ် စုဆောင်းခဲ့တာကြောင့် အသက် ၂၇နှစ်နဲ့ ဂျပန်ငွေ ယန်း ၁၀ သန်း (မြန်မာငွေ ၁၄၂ သန်း) တန် တိုက်ခန်းကို ဝယ်နိုင်ခဲ့ပါတယ်။


သူမဟာ သူမရဲ့ငွေစုဆောင်းနည်းကိုလည်း မျှဝေထားပါသေးတယ်။ ၁၆ နှစ်လုံးလုံး သူမဟာ စားသောက်စရိတ်အတွက် တစ်နေ့ကို ၁၅၃ ယန်း (မြန်မာငွေ ၂၀၀၀ စွန်းစွန်း) ပဲ အသုံးပြုခဲ့ပါတယ်။ ဒီလောက် ဘက်ဂျက်နဲ့စားနိုင်ဖို့ သူမဟာ ရိုးရှင်းပြီး ဈေးသက်သာတဲ့ ဟင်းလျာတွေကို ကိုယ်တိုင်ချက်စားခဲ့ပါတယ်။ စားသောက်ကုန်တွေကိုလည်း ဈေးအများကြီးလျှော့ထားတာတွေကိုပဲ ဝယ်ပါတယ်။ 


သူမဟာ မနက်စာကိုတော့ ပါမုန့်၁ ချပ်ကို ထောပတ်နည်းနည်းသုပ်ပြီးစားပါတယ်။ နေ့လည်စာကိုတော့ ထမင်းနဲ့ဆယ်လ်မွန်ငါးကြော် စားပါတယ်။ ညစာကိုတော့ ခေါက်ဆွဲ(ခေါက်ဆွဲခြောက်မဟုတ်ပါ) နဲ့ အသီးအရွက် ပြုတ်စားပါတယ်။ သူမရဲ့ညစာဆိုရင် မြန်မာငွေနဲ့ ၄၀၀ နီးပါးလောက်ပဲ ကျပါတယ်။ ဒါတင်မကသေးပါဘူး။ ရေကိုလည်း ရေသန့်ဗူးတွေဝယ်မသောက်ပါဘူး။ အဝတ်အစားအသစ်လည်း မဝယ်ပါဘူး။ သူများတွေ မဝတ်တော့တဲ့ အဝတ်အစားအဟောင်းတွေကိုပဲ ဝတ်ပါတယ်။ အိမ်ထောင် ပရိဘောဂတွေကိုလည်း သူများတွေမလိုချင်တော့လို့ စွန့်ပစ်ထားတာတွေကိုပဲ သုံးပါတယ်။


အဲလို စုလိုက်တာ သူမအသက် ၂၉ နှစ်ရောက်တဲ့အခါမှာတော့ ယန်း ၁၈ သန်း(မြန်မာငွေ ၂၅၇ သန်း) တန် အိမ်တစ်လုံး ထပ်ဝယ်နိုင်ခဲ့ပါတယ်။ သူမ အသက် ၃၄ နှစ်မှာတော့ ယန်း ၂၇ သန်း (မြန်မာငွေ ၃၈၅ သန်း) တန် အိမ်ကို ထပ်ဝယ်ခဲ့ပြီး အငြိမ်းစားယူခဲ့ပါတယ်။ အခုဆိုရင်တော့ သူမဟာ လစဉ် အိမ်ငှားခ ယန်း ၃ သောင်း (မြန်မာငွေ ၄ သိန်းကျော်) ယူပြီး ထိုင်စားနေရုံပါပဲ။ သူမရဲ့အိမ် ၁ လုံးကိုတော့ လေလွင့်ကြောင်လေးတွေ ထားဖို့ ကြောင်ဂေဟာ ဖွင့်ပေးထားပါတယ်။ ဒါလည်း သူမရဲ့ အိပ်မက်တွေထဲက တစ်ခုပါပဲ။

Image result for japanese woman save money and bought 3 house in 34

အခုဆိုရင်တော့ သူမရဲ့အိပ်မက်တွေအားလုံး ဖြစ်လာပြီမို့သူမအရမ်းပျော်နေပြီဖြစ်ကြောင်း၊ သူမရဲ့ဘဝကို သူမ ကျေနပ်ကြောင်း ပြောထားပါတယ်။ သူမရဲ့ဇွဲက ချီးကျူးစရာကောင်းသလို၊ အားကျဖို့လည်း ကောင်းပါတယ်။ သူမကို အတုယူပြီး အိပ်မက်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ကြပါစေနော်။ 


Ref; www.worldofbuzz.com

By Paulina