ကြောင်ကြီးရဲ့နောက်ဆုံးအချိန်ကို “You Are My Sunshine” သီချင်းနဲ့ နှုတ်ဆက်ခဲ့တဲ့ ကောင်မလေး

အခုရေးမယ့်အကြောင်းအရာနဲ့ ဗီဒီယိုလေးကို ဆက်ကြည့်မယ်ဆိုရင် မျက်ရည်ခိုင်ဖို့ လိုပါတယ်။ မဟုတ်ရင် တော့ မျက်ရည်သုတ်ဖို့ တစ်ရှူးလေး တစ်ခါတည်းဆောင်ထားဖို့ အကြံပေးပါရစေ။ ဒီဗီဒီယိုလေးဟာ အသက် ၄ နှစ်အရွယ် ကလေးမလေးက သေခါနီးဖြစ်နေတဲ့ သူမရဲ့ကြောင်ကြီးကို “You Are My Sunshine” သီချင်း ဆိုပြပြီး နှစ်သိမ့်ချော့မြူပေးနေတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်လေးကို ရိုက်ကူးထားတာကြောင့်ပါပဲ။



အသက် ၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အက်ဘီ (Abby) လေးဟာ မွေးကင်းစကတည်းက သူမရဲ့ကြောင် ဘေလီ နဲ့ အတူတကွ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘေလီဟာ အက်ဘီမမွေးခင်ကတည်းက သူတို့မိသားစုမှာ မိသားစုဝင် တစ်ယောက်လိုနေထိုင်ခဲ့တာ ၁၄ နှစ်ရှိနေတဲ့ ကြောင်ကြီးတစ်ကောင် ဖြစ်ပါတယ်။ အက်ဘီတင် မက တစ်မိသားစုလုံးကပါ လိမ္မာရေးခြားရှိပြီး သိတတ်တဲ့ ကြောင်ကြီး ဘေလီကို ချစ်ခင်ကြပါတယ်။



အထူးသဖြင့်တော့ ဘေလီဟာ အက်ဘီလေးနဲ့ ပိုမိုရင်းနှီးပြီး အတူတူကစားကာ အတူတူအိပ်လေ့ရှိပါတယ်။ ကြောင်ကြီးဘေလီကလည်း အက်ဘီလေးကို အရမ်းချစ်ပုံရပါတယ်။ အက်ဘီဟာ သူမရဲ့ကြောင်ကြီးကို သီချင်းဆိုပြရတာနဲ့ စာဖတ်ပြရတာကို အမြဲလိုလို နှစ်ခြိုက်သဘောကျသူ ဖြစ်ပါတယ်။ အံ့သြစရာကောင်းတာ ကတော့ ဘေလီဟာ အက်ဘီလေးပြောသမျှ စကားလုံးတိုင်းကို နားလည်တဲ့ဟန် ပေါက်နေတာပါပဲ။




တစ်နေ့မှာတော့ အက်ဘီလေးနဲ့ ကြောင်ကြီးဘေလီတို့ကြားကို ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခု ချဉ်းနင်း ဝင်ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ အသက် ၁၄ နှစ်ကျော်လာပြီဖြစ်တာကြောင့် ကြောင်တစ်ကောင်အနေနဲ့ အတော်လေး အသက်ကြီးလာပြီဆိုရမယ့် ဘယ်လီရဲ့ နေဝင်ချိန်ကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။



ဝမ်းနည်းစရာအကောင်းဆုံးကတော့ ကြောင်ကြီးဘေလီ သေဆုံးခါနီးဖြစ်နေချိန်မှာ အက်ဘီလေးက နောက်ဆုံးအနေနဲ့ “You Are My Sunshine” ဆိုတဲ့ သီချင်းလေးကို ဆိုပြခဲ့ပါတယ်။ အဲဒီလို သီချင်းဆိုပြနေတဲ့ အဖြစ်အပျက်လေးကို မှတ်တမ်းတင် ရိုက်ကူးပြီးချိန်မှာပဲ ကြောင်ကြီးဘေလီဟာ ကျောက်ကပ်ရောဂါနဲ့ သေဆုံး သွားခဲ့ပါတယ်။



ကြောင်ကြီးဘေလီဟာ ခရစ္စမတ်မတိုင်ခင်တုန်းက သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖြစ်ကို သိသွားကြ တဲ့ နိုင်ငံအရပ်ရပ်က ကြောင်ချစ်သူတွေနဲ့ စာနာသနားသူတွေဟာ အက်ဘီနဲ့ သူ့ညီမလေးဟန်နာဆီကို အားပေးတဲ့ လက်ဆောင်နဲ့ ကဒ်လေးတွေကို ပေးပို့ခဲ့ကြပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ကြောင်းကိုလည်း အက်ဘီတို့ရဲ့မိခင်ဖြစ်သူက ထုတ်ပြောခဲ့ပါတယ်။



သေချာတာကတော့ ကြောင်ကြီးဘေလီ သေဆုံးသွားခဲ့ပေမဲ့ အက်ဘီလေးနဲ့ သူ့မိသားစုဝင်တွေရဲ့ နှလုံးသားထဲမှာတော့ ဘေလီက အမြဲရှင်သန်နေပြီး သူ့ကိုလည်း အမြဲတမ်းအမှတ်ရနေကြမှာပါ။ ငြိမ်းချမ်းစွာ အနားယူပါတော့.. ဘေလီရေ…။



by Cherry Mon
Ref; Paws planet, Inner Strength, MyCateye



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။