မိုင်လေနဲ့ လီယမ်တို့ရဲ့ ၁၀ နှစ်တာ ချစ်ခရီး တကယ်အဆုံးသတ်သွားခဲ့ပြီလား?

နာမည်ကျော်အဆိုတော် မင်းသမီးချော မိုင်လေဆိုင်းရပ်စ် (Miley Cyrus) ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက ခင်ပွန်း  ဖြစ်သူ လီယမ်ဟမ်းစဝေါ့သ် (Liam Hemsworth) နဲ့ လမ်းခွဲလိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီသတင်း ဟာ နိုင်ငံတကာက ပရိသတ်အပေါင်းကို အံ့သြတကြီး ဖြစ်သွားစေခဲ့ပါတယ်။ 


၂၀၀၉ ခုနှစ်ကတည်းက စတွဲခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ကွဲသွားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ  ပြန်တွဲခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက သူတို့နှစ်ဦးပြန်လည်ပေါင်းထုပ်မှုကြောင့် ပရိသတ်တွေ ဝမ်းပန်းတသာ  ဖြစ်ခဲ့ကြပါတယ်။ အဲဒီနှစ် အောက်တိုဘာမှာပဲစေ့စပ်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာတော့ နှစ်ဦးသား  အကျဉ်းရုံးလက်ထပ်ခဲ့ကြပါတယ်။



၂၀၀၉ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဆယ်နှစ်တာကလာလုံး ပြန်လိုက်ဆက်လိုက်နဲ့ ခရီးဆက်လာတာတဲ့ သူတို့ နှစ်ယောက်ရ့ အချစ်ကို ပရိသတ်တွေအနေနဲ့ လေးစားအားကျခဲ့ကြပါတယ်။ လက်ထပ်ပြီးနောက် ငြိမ်သက်သွား မယ်လို့ ထင်နေခဲ့ကြတဲ့ ပရိသတ်တွေအတွက်တော့ သူတို့နှစ်ဦးရဲ့ လမ်းခွဲသတင်းဟာ လုံးဝမထင်မှတ်တဲ့ သတင်းတစ်ပုဒ်ပါပဲ။




၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ နဂိုပုံစံနဲ့မတူဘဲ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့တဲ့ မိုင်လေတစ်ယောက် ၂၀၁၆ ခုနှစ်က လီယမ်နဲ့ ပြန်ပေါင်းထုပ်ချိန်မှာ ပြန်ငြိမ်သွားတယ်လို့ အများက ယူဆခဲ့ကြပါတယ်။ ပရိသတ်တော်တော် များများကလည်း မိုင်လေရဲ့ ပြောင်းလဲမှု၊ ငြိမ်သက်မှုတွေဟာ သူမရဲ့ အချစ်ရေးနဲ့ဆက်နွယ်နေတဲ့ ယုံကြည်ခဲ့ကြ တာပါ။ အခုလို နှစ်ဦးသားပြန်အဆင်သွားတာကြောင့် ပရိသတ်တွေဟာ မိုင်လေအတွက် ဝမ်းသာခဲ့ကြပါတယ်။



ဒါပေမဲ့ ဒီတစ်ခေါက်နှစ်ဦးသား လမ်းခွဲမှုဟာ အရင်လို ဇာတ်လမ်းပြန်ဆက်နိုင်စရာ ရှိတော့မယ့်ဟန် မတူပါဘူး။ နှစ်ဦးသား သဘောထားချင်းမတိုက်ဆိုင်တော့လို့ လမ်းခွဲတာဖြစ်ပေမဲ့ မိုင်လေဘက်က အပြောအဆိုလွန်တာ  လေးတွေ ရှိခဲ့ပုံပါပဲ။ 



ကလေးနဲ့ မိသားစုနဲ့ အခြေတကျရှိချင်ပြီဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် လီယမ်နဲ့ ကလေးမလိုချင်သေးတဲ့ အသက် ၂၆ နှစ်အရွယ် မိုင်လေတို့ရဲ့ သဘောထားမတိုက်ဆိုင်မှုကတော့ အကြီးမားဆုံး အက်ကြောင်းတစ်ခုပါ ပဲ။ ပြီးခဲ့တဲ့လတုန်းက အင်တာဗျူးတစ်ခုမှာ မိုင်လေက ကလေးမလိုချင်ကြောင်း ထုတ်ပြောခဲ့သလို သူမဟာ သမားရိုးကျ RS ဘဝရှိနေပေမဲ့ လိင်ပိုင်းဆိုင်ရာအရ အမျိုးသမီးတွေကိုလည်း စိတ်ဝင်စားနေဆဲဖြစ်ကြောင်း၊ ဒါ့ပြင် သူမဟာ သမားရိုးကျဇနီးမယားတစ်ယောက်နေရာနဲ့ အံဝင်ခွင်ကျမဖြစ်ကြောင်း၊ သူမကိုယ်တိုင်လည်း မနှစ်ခြိုက်ကြောင်းကို ထုတ်ပြောခဲ့ဖူးပါတယ်။ 



ဒါ့ပြင် လမ်းခွဲတဲ့သတင်းကို မကြေညာခင် သောကြာနေ့တုန်းက မိုင်လေဟာ Kaitlynn Carter ဆိုသူ ဘလော့ဂါ အမျိုးသမီးချောတစ်ယောက်နဲ့ အီတလီကို ခရီးထွက်ခဲ့ပါတယ်။ သူတို့နှစ်ဦး လှေပေါ်မှာ အပန်းဖြေထွက်နေတဲ့ ပုံတွေနဲ့အတူ နှစ်ဦးသား မိန်းမချင်းနမ်းနေတဲ့ပုံတွေလည်း သတင်းမီဒီယာတွေကို ပျံ့နှံ့သွားခဲ့ပါတယ်။



လမ်းခွဲတဲ့သတင်းကို မကြေညာခင် ရက်အနည်းငယ်ကတည်းက လီယမ်ရော မိုင်လေပါ လက်ထပ်လက်စွပ်တွေ ဝတ်မထားကြတာကို သတင်းတချို့က ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ်တမ်းလမ်းခွဲတဲ့သတင်းအထိ ကြားရ လိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားကြပါဘူး။




မိုင်လေနဲ့ လီယမ်တို့ဟာ ၂၀၀၉ ခုနှစ်က The Last Song ဆိုတဲ့ အချစ်ဇာတ်လမ်းလေးကို အတူတွဲဖက်ရိုက်ကူး ရင်း တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ Liam က လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် မှာ ကွဲသွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ပြန်တွဲခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပေမဲ့ လက်ထပ်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ လမ်းခွဲလိုက်ကြပါပြီ။ ဒီတစ်ခါတော့ သူတို့နှစ်ဦးရဲ့ ၁၀ နှစ်တာ အချစ်ခရီးဟာ တကယ်ကို အဆုံးသတ်သွားပြီလို့ ယူဆရပါတယ်။

by Cherry Mon

Ref; Daily Mail


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။