၁၀ နှစ်လုံး ယောကျာ်းလေးမမွေးဘဲ မိန်းကလေးတွေချည်း မွေးဖွားခဲ့တဲ့ ရွာလေး

ကမ္ဘာကြီးဟာ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာ မှန်ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုနီးပါးကြာအောင်  ယောကျာ်းလေးတစ်ယောက်မှ မမွေးဘဲ မိန်းကလေးချည်းပဲ မွေးခဲ့တဲ့ ရွာလေးတစ်ရွာအကြောင်း ကြားရင်တော့ အံ့သြမိကြမှာပါပဲ။ 



အဲဒီရွာလေးကတော့ ပိုလန်နိုင်ငံ အနောက်တောင်ပိုင်းက Miejsce Odrzanskie ဆိုတဲ့ ရွာလေး ဖြစ်ပါတယ်။ အဲဒီရွာမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကတည်းက ယောကျာ်းလေးတစ်ယောက်မှ မမွေးခဲ့တာကြောင့် အခုဆိုရင် ဆယ်စုနှစ်တစ်ခု ပြည့်ခါနီးနေပါပြီ။ ရွာသူရွာသားတွေဟာ အဲဒီလိုယောကျာ်းလေးမမွေးဖွားမှုကြောင့် နောင် အနာဂတ်မှာ မျိုးဆက်ပြတ်သွားမှာကို စိုးရိမ်မကင်းဖြစ်နေကြပါတယ်။



အဲဒါကြောင့် အုပ်ချုပ်ရေးမှူးကိုယ်တိုင်က ရွာမှာ ယောကျာ်းလေးမွေးဖွားတဲ့ စုံတွဲကို အံ့သြလောက်စရာ ဆုတစ်ဆုပေးမယ်လို့ ကတိကဝတ်ပြုထားပါတယ်။ ရွာမှာ ယောကျာ်းလေးနည်းပါးတာကြောင့် အမျိုးသမီးတွေ ကိုယ်တိုင်ကပဲ လယ်ယာစိုက်ပျိုးရေး လုပ်ကြရပါတယ်။



အိမ်ခြေ ၉၂ အိမ်နဲ့ နေထိုင်သူဦးရေ ၃၀၀ သာ ရှိတဲ့ အဲဒီရွာလေးမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကတည်းက ယောကျာ်းလေး မမွေးတဲ့ အဖြစ်ကို ဘယ်သူမှနားမလည်နိုင်ကြပါဘူး။ ရွာသူ ရွာသားတွေဟာ နောင်အနာဂတ်အတွက် လယ်ယာအလုပ်တွေ လုပ်မယ့်သူမရှိမှာကို စိုးရိမ်ကြသလို လုပ်ငန်းခွင်တွေမှာ အမျိုးသားတွေ မရှိမှာကိုလည်း စိုးရိမ်မကင်းဖြစ်နေကြပါတယ်။



အဲဒီရွာလေးမှာ ဆယ်နှစ်နီးပါးကြာအောင် ယောကျာ်းလေးမမွေးဖွားမှုနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေကလည်း စိတ်ဝင်စားနေကြပြီး စူးစမ်းရှာဖွေနေကြပါတယ်။ ဆေးပညာဆိုင်ရာကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေကိုလည်း အကြံဉာဏ်တွေ တောင်းခံခဲ့ကြပါတယ်။ အုပ်ချုပ်ရေးမှူးရဲ့အဆိုအရ ဆရာဝန်တစ်ယောက်ကတော့ ကယ်လ်ဆီယမ်ဓာတ်မြင့်မားစွာ စားသုံးခြင်းဟာ ယောကျာ်လေးမွေးဖွားနိုင်စေကြောင်း ပြောခဲ့ဖူးတယ်လို့ သိရ ပါတယ်။



အဲဒီရွာသူရွာသားတွေဟာ အိပ်ရာကုတင်အောက်မှာ ပုဆိန်ထားရတာလိုမျိုး ရိုးရာအယူအဆပေါင်းစုံကိုလည်း လုပ်ခဲ့ကြဖူတယ်လို့ ဆိုပါတယ်။ စာရင်းကောက်ခံချက်တွေအရဆိုရင် ပိုလန်နိုင်ငံဟာ မိန်းကလေးထက်  ယောကျာ်းလေး မွေးဖွားမှုပိုမိုများပြားပါတယ်။ ဒါပေမဲ့ Miejsce Odrzanskie မှာပဲ ဆယ်နှစ်တာ ကာလာအတွင်း ထူးခြားစွာ မိန်းကလေးချည်းပဲ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

by Cherry Mon

Ref; DailyMail


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။