တံတားအောက်မှာအိပ်ခဲ့ရတဲ့ အိမ်ခြေမဲ့ဘဝကနေ သန်းကြွယ်သူဌေးဖြစ်လာတဲ့ ၂၁ အရွယ်မီလျံနာ

ခြေဖဝါးလက်ဖဝါးကနေ ကြီးပွားအောင်မြင်လာဖို့ ဆိုတာ အပြောသာလွယ်ပေမဲ့ တကယ်တမ်းတော့ မလွယ်ကူ လှပါဘူး။ ကံ၊ ဉာဏ်၊ ဝီရိယအကုန်လုံး စိုက်ထုတ်ရမှာပါ။ တံတားအောက်မှာ အိပ်ခဲ့ရတဲ့ အိမ်ခြေမဲဘဝကနေ မီလျံနာတစ်ယောက် ဖြစ်လာတယ်ဆိုတာဟာလည်း အပြင်မှာ မဖြစ်နိုင်ဘူး ထင်ရလောက်ပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာပါ။



အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ သန်းကြွယ်သူဌေး (မီလျံနာ) တစ်ယောက်ဖြစ်တဲ့ ဟယ်ရီဆန်ဒါးစ် (Harry Sanders) ဆိုသူဟာ ဆယ်ကျော်သက်ဘ၀ အသက် ၁၇ နှစ်အရွယ်လောက်က အိမ်ခြေမဲ့တစ်ယောက် ဖြစ်ခဲ့ဖူးသူပါ။ ဒါပေမဲ့ ၃၊ ၄ နှစ်အတွင်းမှာ သူဘယ်လို ပြောင်းလဲပြီး ကြီးပွားအောင်မြင်လာခဲ့တာလဲ?



အဲဒီလို သူအောင်မြင်လာရတဲ့အကြောင်းနဲ့ပတ်သက်လို့ ဆန်ဒါးစ်ကိုယ်တိုင်က အောင်မြင်မှုကိုရှာဖွေနေကြတဲ့ စွန့်ဦးတီထွင်လူငယ်စီးပွားရေးသမားတွေအတွက် သူ့ရဲ့အကြံပေးစကားတချို့ကို ထုတ်ပြောခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်တုန်းက ဘဝကြမ်းတမ်းခဲ့ပေမဲ့ အခု ၂၁ နှစ်အရွယ်မှာ ဆန်ဒါးစ်ဟာ အမေရိကန်ဒေါ်လာ ၁ သန်း ကျော်ကို ပိုင်ဆိုင်ထားပါတယ်။



လူငယ်စီးပွားရေးသမား ဆန်ဒါးစ်ဟာ သူ့ဘဝရဲ့အခက်ခဲဆုံးအချိန်ဟာ အောင်မြင်မှုရဖို့အတွက် ကြိုးစားပြင်ဆင် ရချိန်ဖြစ်ပြီး အခုဆိုရင် သူဟာ သူ့ရဲ့သမားရိုးကျမဟုတ်တဲ့ အတွေးအခေါ်တွေကို တခြားသူတွေအောင်မြင်မှုရဖို့ အတွက် ကူညီရာမှာ အသုံးပြုချင်လာပါတယ်။ တစ်နေ့ ၈ နာရီပြည့်အောင် အိပ်ရေး၀၀အိပ်တတ်တာနဲ့ အလုပ် ဝတ်စုံပြည့်မဝတ်တာဟာ လုပ်ငန်းရှင်တစ်ယောက်အတွက် မကိုက်ညီသလိုရှိပေမဲ့ ဆန်ဒါးစ်ကတော့ အဲဒီနည်း အတိုင်းပဲ သွားတယ်လို့ ဆိုပါတယ်။



“အရေးကြီးဆုံးအရာကတော့ ကိုယ့်ပုံစံနဲ့ကိုယ် နေဖို့ပါပဲ။ ကျွန်တော်ဘယ်တော့မှ ဝတ်စုံပြည့်ဝတ်လေ့မရှိပါဘူး။ အစည်းအဝေးတက်ရတယ် ဒါမှမဟုတ် ရုံးမှာအကြာကြီးနေရတယ်ဆိုရင်တောင် ကျွန်တော်ကြိုက်တဲ့ဟာနဲ့ သက်သောင့်သက်သာဖြစ်စေတာတွေကိုပဲ ကျွန်တော်ဝတ်ပါတယ်” လို့ ဆန်ဒါးစ်က 7NEWS သတင်းဌာနကို ပြောပြခဲ့ပါတယ်။ သူဟာ ဈေးကြီးပေးပြီးချုပ်ဝတ်ရတဲ့ အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ဆင်တာဟာ အကောင်းထက် အဆိုးဘက် ပိုဖြစ်နိုင်ကြောင်း ယုံကြည်ထားသူ ဖြစ်ပါတယ်။



စွန့်ဦးတီထွင်စီးပွားရေးသမားတစ်ယောက်အတွက် အရေးကြီးတဲ့အရက အလုပ်နဲ့ဘဝကို မျှမျှတတနေထိုင် တတ်ဖို့ ဖြစ်ပြီး အလုပ်ပြီးစီးဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သူဟာ အိပ်ရေးပျက်ခံအလုပ်လုပ်လေ့မရှိဘဲ ညတိုင်း ၈ နာရီပြည့်အောင် အိပ်ရေး၀၀အိပ်လေ့ရှိပါတယ်။ “လူတော်တော်များများက အမြဲနိုးကြားနေပြီး တစ်ညလုံးအလုပ်လုပ်မှ အောင်မြင်နိုင်မယ် ထင်နေကြတာ။ ဒါပေမဲ့ မအိပ်ဘဲနေတာဟာ သင့်လုပ်ငန်း အောင်မြင်တာနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်ဆိုရင် ညတိုင်း ၈ နာရီနဲ့အထက် အိပ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်အောင်မြင်လာတာပဲ” လို့လည်း သူကဆိုပါတယ်။



စိတ်ကူးကို လက်တွေ့ပုံဖော်ခြင်းဟာလည်း သူ့ရဲ့အောင်မြင်မှုသော့ချက်တစ်ခု ဖြစ်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အရာအတွက် စာအုပ်တွေ၊ မဂ္ဂဇင်းတွေနဲ့ တခြားလိုတာလေးတွေ ဖတ်ရှုလိုက်နာခဲ့ခြင်းဟာလည်း သူ့ကို အောင်မြင်မှုကိုရစေခဲ့တယ်လို့ ဆိုပါတယ်။



လူတော်တော်များများဟာ အဓိကနဲ့ သာမညကို မခွဲခြားတတ်ကြဘူးလို့လည်း သူကဆိုပါတယ်။ သူအကြံပေးတဲ့ နောက်ဆုံးနှစ်ချက်ကတော့ မိမိကိုယ်ကိုရင်းနှီးမြှုပ်နှံခြင်းနဲ့ ရည်မှန်းချက်ကို ရရှိဖို့အတွက် ပိုက်ဆံကို အသုံးချ တတ်ဖို့ ပါပဲ။ သူ့ရဲ့အဆိုအရ သင့်အနေနဲ့ အောင်မြင်မှုရရှိဖို့အတွက် သင်ချစ်တဲ့အလုပ်ကို လုပ်ဖို့လိုပါသတဲ့။ အလုပ်ကိုမချစ်ဘဲ ပိုက်ဆံရဖို့တစ်ခုပဲအတွက်ဆိုရင် ဘယ်တော့မှအောင်မြင်မှုရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။



သူကိုယ်တိုင် တစ်နှစ်နီးပါးလောက် လမ်းပေါ်ရောက်ခဲ့တာဟာ သူ့ရဲ့အောင်မြင်မှုအတွက် အကြီးမားဆုံး တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားသူတွေကိုတော့ အဲဒီလိုလိုက်လုပ်ဖို့ လမ်းညွှန်မထားပါဘူး။ “အတော်လေးခက်ခဲပင်ပန်းခဲ့ပေမဲ့ အိမ်ခြေမဲ့ဖြစ်ခဲ့တဲ့အတွေ့အကြုံက ကျွန်တော့်ကို ရင့်ကျက်လာစေခဲ့ပါတယ်” လို့ သူကိုယ်တိုင် ဝန်ခံပြောဆိုထားပါတယ်။ “အဲဒီလိုအခက်အခဲတွေက အရမ်းစိတ်ဖိစီးစရာအခြေအနေမျိုးမှာ ကျွန်တော့်ကို ယုံကြည်မှုတွေ ပိုရှိစေခဲ့ပါတယ်” လို့လည်း ဆိုပါတယ်။



လူငယ်သန်းကြွယ်သူဌေးလေး ဆန်ဒါးစ်ဟာ Search Engine Optimisation (SEO) software ဖြစ်တဲ့ StudioHawk နဲ့ အောင်မြင်မှုရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီ SEO software ဟာ တခြားစီးပွားရေးလုပ်ငန်းတွေကို အွန်လိုင်းမှာ ပိုအခြေခိုင်အောင် ထောက်ပံ့ပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဆန်ဒါးစ်ဟာ အဲဒီ software ကို သူ အိမ်ခြေမဲ့မဖြစ်ခင် ၁၆ နှစ်သားလောက် ကတည်းက စတင်ဖန်တီးဖြစ်ခဲ့တာပါ။



သူအိမ်ရာမဲ့ဘ၀ ရောက်ရှိပြီးနောက်မှာတော့ သူဖန်တီးထားတဲ့အရာကို ပြန်လည်ထုတ်လုပ်ဖို့ အကြံရခဲ့ပြီး အခုလို အောင်မြင်လာတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ ကမ္ဘာတစ်ဝန်းက ဖောက်သည်ပေါင်းများစွာနဲ့ အောင်အောင်မြင်မြင် အလုပ်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့  သြဂုတ် ၂ ရက်နေ့မှာပဲ ဆန်ဒါးစ်ဟာ Marketing Innovation category မှာ ၂၀၁၉ ခုနှစ်အတွက် Australian Business Award ဆုရှင် ဖြစ်လာခဲ့ပါ တယ်။ သူဟာ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း B2B Young Hero Awards 2019 မှာ Rising Star အဖြစ် ဂုဏ်ပြု ခံခဲ့ရပါတယ်။


by Cherry Mon
Ref; Daily Mail


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။