ယခင်ရွာသွန်းထားတဲ့ မိုးများကြောင့် မြေပြိုမှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလမှ သတိပေး

ပြီးခဲ့တဲ့ ဇူလိုင်လမှ စတင်ပြီး ယခုသြဂုတ်လအထိ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးများစွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေသလို မိုးများမှုရဲ့ နောက်ဆက်တွဲအရ ယခုဆို မွန်ပြည်နယ်ရှိ ဒေသအားလုံးမှာ ရေကြီးမှု၊ တောင်မြေပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများစွာရဲ့ အိုးအိမ်စည်းစိမ်းများနဲ့ အသက်တွေ စတေးခဲ့ရပါတယ်။ 


နောက်ထပ်လည်း နေရာကွက်ကြား မိုးရွာသွန်းနိုင်သလို ရေကြီးရေလျှံမှုတွေအပြင် မြေပြိုမှုတွေလည်း ဆက်လက်ဖြစ်ပေါ်နိုင်တာကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အထူးသတိထားသင့်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။


ပြီးခဲ့တဲ့ သြဂုတ်လ (၈)ရက်မှ (၁၀)ရက်နေ့အတွင်း ရွာခဲ့တဲ့ မိုးရေချိန်ဟာ ယခင်ထက်မများပေမယ့် အရင်ကရွာခဲ့တဲ့ မိုးရေတွေကြောင့် မြေသားများအတွင်း ရေပျော်ဝင်မှုတွေရှိနေပြီး အချိန်မရွေး မြေပြိုမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါသေးတယ်။ ဒါ့အပြင် သံလွင်မြစ်ရေဟာ မဒေါက်မြို့၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့၊ သံလွင်မြစ်ရေဟာ ဘားအံမြို့၊ သောင်ရင်းမြစ်ဟာ မြဝတီမြို့၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့တွေမှာ စိုးရိမ်ရေအမှတ်ထက်မှာ ရှိနေတယ်လို့လည်း မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ သြဂုတ်လ (၉)ရက်နေ့ကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမှာ တောင်မြေပြိုကျမှု တစ်ခုဖြစ်ပေါ်ခဲ့ပြီး ယနေ့အချိန်ထိ သေဆုံးသူ (၆၂)ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး ကျန်ရှိနေသေးတဲ့ ပြည်သူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ဆိုပါတယ်။


ဒါ့အပြင် မုတ်သုံလေအားကောင်းနေတာကြောင့် မိုးများနေဦးမှာဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်နဲ့ ကချင်စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါသေးတယ်။

Source; မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။