မိုင်လေရဲ့ ဆုံးဖြတ်ချက်ကို နားလည်ဖို့ ကြိုးစားနေရတယ်ဆိုတဲ့ လီယမ်ဟမ်းစဝေါ့သ်

နိုင်ငံတကာပရိသတ်တွေကြားမှာ နှစ်များစွာကြာအောင် နာမည်ကျော်ရေပန်းစားခဲ့တဲ့ အနုပညာရှင်စုံတွဲလေး တစ်တွဲဖြစ်တဲ့ မိုင်လေဆိုင်းရပ်စ်နဲ့ လီယမ်ဟမ်းစဝေါ့သ်တို့ဟာ အခုဆိုရင် လမ်းခွဲပြတ်စဲသွားကြပြီ ဖြစ်ပါတယ်။ အရင်တစ်ခါတုန်းကလည်း သူတို့နှစ်ဦး နှစ်အနည်းငယ်ပြတ်စဲခဲ့ဖူးပေမဲ့ ဒီတစ်ခါကတော့ တကယ်ကို အပြီးတိုင် လမ်းခွဲခြင်းဖြစ်ဟန်တူပါတယ်။



ပြီးခဲ့တဲ့ စနေနေ့တုန်းက မိုင်လေဟာ လီယမ်နဲ့ လမ်းခွဲလိုက်တဲ့အကြောင်းကို တရားဝင်ကြေညာလိုက်တာ ဖြစ်ပါ တယ်။ တစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့တဲ့ လီယမ်တစ်ယောက်လည်း ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ သူတို့နှစ်ဦး လမ်းခွဲလိုက်တဲ့အကြောင်းကို ဖွင့်ဟဝန်ခံခဲ့ပါတယ်။



အသက် ၂၉ နှစ်အရွယ် Hunger Games သရုပ်ဆောင်မင်းသား လီယမ်ဟာ အခုဆိုရင် Thor မင်းသားလို့ လူသိများတဲ့ အစ်ကိုဖြစ်သူ ခရစ်ဟမ်းစဝေါ့သ်တို့ မိသားစုနဲ့ နီးနီးကပ်ကပ် နေထိုင်နေပုံရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ညီအစ်ကိုနှစ်ယောက် အပေါင်းအသင်းတွေနဲ့အတူ ရေလွှာလျှောစီးထွက်ခဲ့ပါသေးတယ်။ အဲဒီကတည်းက လီယမ်ရဲ့လက်မှာ လက်ထပ်လက်စွပ်ဝတ်မထားတာကို သတိထားမိခဲ့ကြပေမဲ့ အခုလို လမ်းခွဲ တဲ့အထိ ဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ကြပါဘူး။



သူတို့နှစ်ဦးရဲ့ လမ်းခွဲသတင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တရားဝင်ကြေညာခဲ့တာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ကတည်းက နှစ်ဦးသားခွဲနေခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီကတည်းက လီယမ်ဟာ အစ်ကိုဖြစ်သူခရစ်ရဲ့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန် Byron Bay ကမ်းခြေစံအိမ်ကြီးမှာ နေထိုင်နေတယ်လို့ ယူဆရပါတယ်။



ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ မျက်နှာသုန်မှုန်ပြီး နှုတ်ဆက်နေခဲ့တဲ့ လီယမ်တစ်ယောက် သူတို့နှစ်ဦးရဲ့ လမ်းခွဲ သတင်းနဲ့ ပတ်သက်လို့ ထုတ်ပြောလိုက်ပါပြီ။ “ဒါ ဘာနဲ့တူသလဲဆိုတာ ခင်ဗျားတို့နားလည်မှာမဟုတ်ဘူး.. အဲဒီ အကြောင်း ကျွန်တော်မပြောချင်ဘူး ဘော်ဒါရာ” လို့ Daily Mail Australia သတင်းဌာနရဲ့ မေးမြန်းမှုကို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။



တချို့သတင်းစကားတွေရဲ့အဆိုအရ လက်ထပ်ပြီးနောက်ပိုင်း အဆင်မပြေဖြစ်နေတဲ့ သူတို့ရဲ့ ဆက်ဆံရေးကို အဖတ်ဆယ်ဖို့ မိုင်လေတစ်ယောက် လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ လီယမ်နဲ့ ဆက်ဆံရေး ပြန်အဆင်ပြေလာအောင် ကြိုးစားခဲ့သေးပေမဲ့ လီယမ်နဲ့ သူမဟာ ဘယ်လိုမှ ပေါင်းစပ်လို့မရတာ့ဘဲ နားလည်မှုတွေ ပျောက်ဆုံးနေခဲ့ပါတယ်။



အခုဆိုရင် မိုင်လေဟာ Brody ရဲ့ ရည်းစားဟောင်း Kaitlynn နဲ့ မိန်းမချင်း စတင်တွဲနေပြီ ဖြစ်ဟန်တူပါတယ်။ အကြောင်းကတော့ အီတလီမှာ သူတို့နှစ်ဦးနမ်းနေတဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ တက်လာတာကြောင့်ပါပဲ။ အဲဒီ လို ဓာတ်ပုံတွေ တက်လာပြီး ၂၄ နာရီလောက်အကြာမှာ မိုင်လေဟာ လီယမ်နဲ့ လမ်းခွဲတဲ့သတင်းကို ကြေညာ လိုက်တာ ဖြစ်ပါတယ်။



မိုင်လေရဲ့ မိန်းမချင်းတွဲခုတ်တဲ့သတင်းဟာ လီယမ့်ကိုလည်း တကယ့်ကိုရှော့ခ်ရသွားစေခဲ့ပါတယ်။ မိုင်လေရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း မိုင်လေနဲ့ လီယမ်တို့ လမ်းခွဲဖို့ နှစ်ဦးသဘောတူပြီးဖြစ်ကြောင်းနဲ့ သူတို့ဟာ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်သွားကြမှာ ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ 



နှစ်ဦးသား ချစ်ရက်နဲ့ ရှေ့ဆက်လို့မဖြစ်တော့တဲ့ အခြေအနေကြောင့် လမ်းခွဲလိုက်ရတဲ့ သူတို့နှစ်ဦးမှာ အသက် ၂၆ နှစ်သာ ရှိသေးတဲ့ မိုင်လေကတော့ အသည်းကွဲတဲ့ဝေဒနာကို ဖြေဖျောက်ဖို့အတွက် ထင်ရာစိုင်းနေဟန်တူ ပါတယ်။ လူကြီးဆန်ပုံရတဲ့ အသက် ၂၉ နှစ်အရွယ် လီယမ်တစ်ယောက်ကတော့ မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်နေထိုင်ရင်း အသည်းကွဲဝေဒနာကို ကုစားနေပုံရပါတယ်။



by Cherry Mon
Ref; Daily Mail


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။