သားသမီးတွေကျောင်းမှာကျင်းပတဲ့ အမေများနေ့ပွဲကို မိန်းမလိုဝတ်ပြီး တက်ရောက်ပေးခဲ့တဲ့ ဖခင်

ထိုင်းလူမျိုး Charan “Ran” Chamnuansok ဆိုသူဟာ သူ့ရဲ့ကိုယ်ပိုင် Facebook Account မှာ ဆံပင်အတုစွတ်၊ မိတ်ကပ်လိမ်း၊ မိန်းကလေးလိုဝတ်ပြီး ပုံတင်ထားခဲ့ပါတယ်။ မိန်းမစိတ်ပေါက်နေလို့တော့ မဟုတ်ပါဘူး။ သူဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့သားသမီးတွေအတွက်ပါ။ သားသမီးတွေရဲ့ ကျောင်းမှာ အမေများနေ့ အထိမ်းအမှတ်အပွဲရှိလို့ပါ။


သြဂုတ်လ ၁၂ ရက်နေ့ဟာ ထိုင်းနိုင်ငံရဲ့ အမေများနေ့ဖြစ်တဲ့အလျောက် ထိုင်းစာသင်ကျောင်းတွေမှာ အမေတွေကို လေးစားသောအားဖြင့် အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ အဲဒီပွဲမှာ ကလေးတွေဟာ မိခင်ရဲ့ ခြေရင်းမှာ ဦးချကန်တော့ပြီး လတ်ဆတ်တဲ့စံပယ်ပန်းကုံးတွေကို လက်ဆောင်ပေးကြရပါတယ်။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ

Chamnuansok ဟာ ပုဂ္ဂိုလ်ရေးကိစ္စကြောင့် ဇနီးသည်နဲ့ကွာရှင်းထားတာ ၅ နှစ်ရှိပါပြီ။ ကွာရှင်းပြီးကတည်းက သူဟာ သားသမီး၂ယောက်အပေါ် အတတ်နိုင်ဆုံး အဖက်ဖက်ကနေ တာဝန်ကျေဖို့ ကြိုးစားခဲ့ပါတယ်။ အမေမရှိတော့တဲ့ ကလေးငယ်တွေအတွက် အဖေလိုရော အမေလိုပါ ဟာကွက်မရှိရအောင် ပြုစုစောင့်ရှောက်ခဲ့ပါတယ်။


ကလေးတွေရဲ့ ကျောင်းပွဲမတိုင်ခင်က ဆံပင်အတုရှိသူများ ခဏငှားပေးဖို့ Facebook မှာ စာတင်ခဲ့ပါတယ်။ သူ့ရဲ့ကလေးတွေအတွက် အမေလုပ်ပေးဖို့လိုလို့ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ နောက်နေ့မှာတော့ အိမ်နီးချင်းတစ်ယောက်ဆီမှ ဆံပင်တု ငှားလို့ရခဲ့ပြီး အင်္ကျီကိုတော့ အဖွားဆီက ရခဲ့တယ်လို့ ဆိုပါတယ်။ ဝတ်စုံပြည့်ဝတ်ဆင်ပြီးတဲ့အခါမှာတော့ Chamnuansok ဟာ သားသမီးတွေရဲ့ ကျောင်းကို သွားခဲ့ပါတယ်။


အမေမရှိတော့လို့ မျက်နှာငယ်နေရတဲ့ သားသမီး ၂ ယောက်အတွက် အမေကိုယ်စားပြုအနေနဲ့ ပွဲကိုတက်ရောက်လာတဲ့အခါမှာတော့ သားသမီးတွေလည်း အံ့သြပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ သားသမီးတွေ ကန်တော့နေတဲ့ ပုံနဲ့အတူ “ကျွန်တော့သားသမီးတွေအတွက် အမေတစ်ယောက်ထမ်းဆောင်ရမယ့် တာဝန်ကို ကျေပွန်အောင် လုပ်ရမယ်” လို့ရေးသားပြီး Post တင်ခဲ့ပါတယ်။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ မတ်တပ်ရပ်နေသည်

ဘာပဲဖြစ်ဖြစ် ကလေးတွေအတွက် ဒီလိုအဖေမျိုးရှိနေတာ ဝမ်းသာစရာပါပဲ။ သူ့ရဲ့လုပ်ရပ်က ဘာမှမပြောပလောက်ဘူးဆိုပေမယ့် အမေငတ်တဲ့ကလေး၂ယောက်အတွက်တော့ ဒါဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လုပ်ရပ်ပါပဲ။ အမေမရှိတော့ပေမယ့် အနည်းဆုံးတော့ သားသမီးအတွက် ဘာမဆိုလုပ်ပေးမယ့် အဖေတစ်ယောက်လုံး ရှိနေသေးတယ် မဟုတ်ပါလား။


Ref; worldofbuzz

By Paulina