BTS အပါအဝင် ဆယ်လီများစွာရဲ့ IG follower တစ်ဝက်ကျော်ဟာ အတုတွေဖြစ်ကြောင်း ပေါ်ထွက်လာ

နိုင်ငံတကာက နာမည်ကျော်ဆယ်လီအတော်များများဟာ ဆိုရှယ်မီဒီယာတွေမှာ follower များစွာကို ရရှိထားကြပါတယ်။ အထူးသဖြင့်တော့ Facebook, Instagram နဲ့ Twitter တို့မှာပါပဲ။ အခုခေတ်ရေစီးကြောင်းအရ လူတွေ အွန်လိုင်း အသုံးပြုမှုများပြားလာတာကြောင့် ဆိုရှယ်မီဒီယာတွေလည်း အတော်လေးအလုပ်ဖြစ်လာကြပါတယ်။ ဆိုရှယ်မီဒီယာမှာ Follower များတာနဲ့ ဆယ်လီတွေရဲ့ စီးပွားရေးဟာလည်း ဆက်စပ်မှုရှိလာပါတယ်။



ဆိုရှယ်မီဒီယာမှာ Follower များတဲ့ ဆယ်လီတွေနောက်ကို ကြော်ငြာတွေနဲ့ စီးပွားရေးသမားတွေ နောက်က  လိုက်လာလေ့ ရှိလို့ပါပဲ။ အဲဒါကြောင့် ဆယ်လီတွေကိုယ်တိုင် ဆိုရှယ်မီဒီယာကို အလုပ်တစ်ခုအနေနဲ့ အသုံးပြုလာကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က စုံစမ်းဖော်ထုတ်မှုတွေအရ follower များပြားတဲ့ နိုင်ငံတကာက နာမည်ကျော်ဆယ်လီတွေရဲ့ Instagram စာမျက်နှာတွေက follower တော်တော်များများဟာ အတုတွေ ဖြစ်ကြောင်း ပေါ်ထွက်လာခဲ့ပါတယ်။



အဲဒီထဲမှာ ကင်မ်တို့ ကာဒေရှီယန် (Kardashian) ညီအစ်မတွေရဲ့ Instagram အကောင့်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။ သူတို့ညီအစ်မတွေဟာ follower များပြားလှပေမဲ့ တကယ်တမ်းလေ့လာကြည့်တဲ့အခါမှာ တော့ သူတို့ရဲ့ Instagram follower တစ်ဝက်လောက်ဟာ fake (အတု) လို့ သိရပါတယ်။ အဲဒီစာရင်းထဲမှာ follower များတဲ့ နာမည်ကျော်အစီစဉ်တင်ဆက်သူ Ellen DeGeneres နဲ့ နာမည်ကျော်အဆိုတော်မလေး အာရီးယားနားဂရမ်ဒီ (Ariana Grande) တို့လည်း ပါဝင်နေပါတယ်။



မကြာသေးခင်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်က Institute of Contemporary Music Performance (ICMP) ကျောင်းဟာ နိုင်ငံတကာဆယ်လီတွေရဲ့ Instagram အကောင့်တွေကို လေ့လာစုံစမ်းခဲ့ကြရာမှာ သူတို့ရဲ့ follower တော်တော်များများဟာ အတုတွေဖြစ်ကြောင်း သိရှိခဲ့ကြရတာ ဖြစ်ပါတယ်။ Ellen DeGeneres က ထိပ်ဆုံးကနေရာယူထားပြီး သူမရဲ့ follower ပေါင်း ၇၅ ဒသမ ၆ သန်းထဲက ၅၈ ရာခိုင်နှုန်း ဟာ follower အတုတွေ ဖြစ်နေပါတယ်။



သူမနောက်ကနေ ဒုတိယလိုက်သူတွေကတော့ နာမည်ကျော် Kpop အဖွဲ့တစ်ခုဖြစ်တဲ့ BTS နဲ့ ကာဒေရှီယမ်ညီအစ်မတွေထဲက ခေါ့ထ်နေးတို့ပါပဲ။ BTS ရဲ့ follower ၁၉ ဒသမ ၄ သန်းထဲမှာ ၄၈ ရာခိုင်နှုန်း ဟာ follower အတုတွေဖြစ်ကြောင်း သိရပါတယ်။ ခေါ့ထ်နေးကာဒေရှီယန်ရဲ့ follower ၈၀ ဒသမ ၄ သန်းမှာ ၄၉ ရာခိုင်နှုန်းကတော့ follower အတုတွေ ဖြစ်ပါတယ်။



Follower ၁၄၃ ဒသမ ၆ မီလျံရှိတဲ့ ကင်မ်ကာဒေရှီယန်နဲ့ ၉၆ သန်းရှိတဲ့ ခလိုးကာဒေရှီယန်တို့ကတော့ follower အတုပေါင်း ၄၄ ရာခိုင်နှုန်း ရှိနေပါတယ်။ ကိုင်လီဂျန်နာရဲ့ follower ၁၄၀ ဒသမ ၃ သန်း ထဲမှာတော့ ၃၀ ရာခိုင်နှုန်းဟာ follower အတုတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အာရီယားနားဂရမ်ဒီ၊ တေလာဆွစ်ဖ်၊ မိုင်လေဆိုင်းရပ်စ်နဲ့ ပရီရန်ကာချော့ပရာတို့ဟာလည်း follower အတုတွေများတဲ့ ဆယ်လီတွေ ဖြစ်ကြပါတယ်။



ICMP ဟာ Instagram မှာ အဲဒီလိုစုံစမ်းစစ်ဆေးဖို့အတွက် IG Audit software နဲ့အတူ SparkToro’s Fake Followers Audit ကို အသုံးပြုခဲ့တာဖြစ်ပြီး သူတို့ရဲ့ follower တွေ ဘယ်လောက်မှန်ကန်ကြောင်း ရာခိုင်နှုန်းကို တိုင်းတာသိရှိခဲ့ကြတာပါ။



ဒီနှစ်အစောပိုင်းလောက်ကဆိုရင် ကင်မ်ကာဒေရှီယန်ဟာ Instagram ပို့စ်တစ်ခုကို အမေရိကန်ဒေါ်လာ ၃ သိန်းကနေ ၅ သိန်းကြား ဝင်ငွေရရှိခဲ့ပါတယ်။ ကာလရှည် endorsement စာချုပ်တွေ အရ ဆိုရင် ဒေါ်လာ ၆ သန်းလောက်အထိ ရရှိခဲ့သူပါ။ ဒါပေမဲ့ အခုလို follower တဝက်လောက်က အတုတွေဖြစ်ကြောင်း ပေါ်ထွက် လာမှုဟာ သူမအပါအဝင် တခြားဆယ်လီတွေရဲ့ ဝင်ငွေနှုန်းထားကို ထိခိုက်စေမလားဆိုတာကတော့ အများ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။



by Cherry Mon
Ref; Mirror UK

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။