အလေးချိန်ပိုနေတဲ့အထုပ်အတွက် အပိုကြေးမပေးချင်လို့ အင်္ကျီ ၁၅ ထည်ကို အထပ်ထပ်ဝတ်ဆင်ခဲ့သူ

တကယ်လို့ သင့်အနေနဲ့ အလေးချိန်များတဲ့ အထုပ်အပိုးကြီးကြီး ခရီးထွက်မယ်၊ ဒါပေမဲ့ သတ်မှတ်အလေးချိန်ထက် ပိုနေတာကိုလည်း ဝန်မခံချင်ဘူဆိုရင် လေဆိပ်မှာ ဒီလူလုပ်သလို လုပ်မိမယ်ထင်ပါတယ်။ ပုံမှန်ဆိုရင် လေဆိပ်မှာ သတ်မှတ်အလေးချိန်ထက် ပိုနေတဲ့ အထုပ်အပိုးတွေဆိုရင် ပေါင်ပိုကြေးပေးကြရတာပါပဲ။



ဒါပေမဲ့ Mashable ရဲ့ သတင်းဖော်ပြချက်အရဆိုရင် စကော့တလန်က John Irvine ဆိုသူဟာ အလေးချိန် ၈ ကီလိုဂရမ်ပိုနေတဲ့ အဝတ်အစားတွေအတွက် ပေါင်ပိုကြေးမပေးချင်ခဲ့ပါဘူး။ အဲဒါကြောင့် သူ့အနေနဲ့ ပိုက်ဆံ ထပ်မထွက်ရလေအောင် အကြံတစ်ခု စဉ်းစားမိခဲ့ပါတယ်။



ပြင်သစ်နိုင်ငံ၊ Nice လေဆိပ်မှာ လေယာဉ်စီးဖို့ရောက်ရှိနေတဲ့ Irvine တစ်ယောက် အလေးချိန်ပိုနေတဲ့ သူ့အထုပ်အပိုးအတွက် အပိုကြေးပေးဆောင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချက်ကို သဘောမတူနိုင်တဲ့ Irvine ဟာ အထုပ်ထဲကနေ အင်္ကျီတွေ ပြန်ထုတ်ပြီး အင်္ကျီ ၁၅ ထည်လုံးကို သူ့ရဲ့ခန္ဓာကိုယ်မှာ တစ်ထပ်ပြီးတစ်ထပ် ဝတ်ဆင်လိုက်ပါတော့တယ်။ အဲဒါကတော့ အပိုကြေးမဆောင်ရအောင် ရှောင်ရှားလိုက်တဲ့ သူ့ရဲ့မဟာ အကြံအစည်ပါပဲ။



Irvine တစ်ယောက် အဝတ်တွေတစ်ထပ်ပြီးတစ်ထပ် ဝတ်နေတဲ့ ဗီဒီယိုကို သူ့ရဲ့သားဖြစ်သူ Josh က မှတ်တမ်းတင် ရိုက်ကူး ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ တန်းစီစောင့်ဆိုင်းနေစဉ်မှာပဲ Irvine ဟာ အဝတ်တွေကို တစ်ထပ်ပြီး တစ်ထပ် သူ့ခန္ဓာကိုယ်မှာ အထပ်ထပ်ဝတ်ဆင်နေတာကို တွေ့ရပါတယ်။ Josh ဟာ အဲဒီဗီဒီယို သူ့ရဲ့ Twitter စာမျက်နှာပေါ်တင်ပြီး “အဝတ်အိတ်က သတ်မှတ်အလေးချိန်ပိုနေတာနဲ့ အဖေက အင်္ကျီ ၁၅ လောက် ထပ်ဝတ်ခဲ့တာ” ဆိုတဲ့ စာသားကို ဟားနေတဲ့ emoji လေးတွေနဲ့အတူ တွဲတင်ခဲ့ပါတယ်။



အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သားဖြစ်သူ Josh က “ကောင်တာကလူက အပိုကြေးပေးရမယ်လို့ ပြောပါနဲ့၊ အဲဒါနဲ့ အဖေက နေဦးဆိုပြီး၊ အဝတ်အိတ်ကိုဖွင့်ပြီး အင်္ကျီ ၁၅ ထည်လောက်ကို ထပ်ဝတ်တော့တာပါပဲ။ အထုပ် အလေးချိန်လျော့အောင်ပေါ့။ ကျွန်တော့်မှာ ရယ်လိုက်ရတာ အူတွေတောင်နာတယ်” လို့ ထုတ်ပြောခဲ့ပါတယ်။



Josh တို့ သားအဖဟာ Nice ကနေ Edinburgh ကို သွားဖို့ လေဆိပ်ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ အဲဒီ မှာ အခုလိုအဖြစ်မျိုး ကြုံတွေ့ခဲ့တာပါ။ အပိုကြေးပေးရမယ့် အဖြစ်ကို ရှောင်ရှားလိုက်နိုင်ကောင်း ရှောင်ရှားလိုက် နိုင်ပေမဲ့ အဝတ် ၁၅ ထည်ကို အထပ်ထပ်ဝတ်ထားတဲ့ Irvine တစ်ယောက် အပူမလွန်ကဲပါစေဖို့တော့ ဆုတောင်းရမှာပါ။



“လေဆိပ်က ဝန်ထမ်းတွေက ပြုံးစိစိဖြစ်နေကြပေမဲ့ လုံခြုံရေးကို ဖြတ်ဖို့တော့ စိုးရိမ်မိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အဝတ်တွေအောက်မှာ မဟုတ်တာတစ်ခုခုဝှက်လာတယ်လို့ ထင်ခံရမှာစိုးလို့ပါ။ ဘာမှမဖြစ်တာပဲ ကံကောင်းတယ်” လို့လည်း သားဖြစ်သူက ရယ်ရယ်မောမော ပြောပြခဲ့ပါတယ်။



Mashable ရဲ့ အဆိုအရ အပိုကြေးမပေးချင်လို့ အခုလိုနည်းကိုအသုံးပြုကြတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်ဟာလည်း လေဆိပ်မှာ အပိုကြေးမပေးရရေးအတွက် ဝတ်စုံ ၇ စုံ၊ ဖိနပ် ၂ ရံ၊ စကပ် ၂ ထည်၊ ဘောင်းဘီတို ၂ ထည်နဲ့ အပေါ်ဝတ်အင်္ကျီ တစ်ထည်ကို တစ်ထပ်ပြီး တစ်ထပ်ဝတ်ဆင်ခဲ့ဖူးပါတယ်။



by Cherry Mon

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။