ရောင်စုံ LED မျက်တောင်တုတွေနဲ့ သင့်မျက်လုံးကို လင်းလက်စေလိုက်ပါ

ခေတ်တွေတဖြည်းဖြည်း ပြောင်းလဲလာတာနဲ့ နည်းပညာတွေကလည်း ပြောင်းလဲတိုးတက်နေပါပြီ။ အလှအပ ရေးရာမှာတော့ နည်းစနစ်တွေ တဟုန်ထိုးပြောင်းလဲလာခဲ့ပါတယ်။ ဥပမာတစ်ခုပြရရင်တော့ မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ မီးလင်းတဲ့ မျက်တောင်တွေပါ။ ညပွဲတွေအတွက်ဆိုရင် အဝတ်အစားကအစ လင်းလင်းလက်လက်တွေ ဆင်ယင်လေ့ရှိကြပြီး အခုလို မျက်တောင်ကပါ လင်းနေမယ်ဆိုရင် သင့်ကို ပွဲတစ်ခု လုံးမှာ ထင်းလင်းတောက်ပနေစေမှာပါ။



LED မိတ်ကပ်ထုတ်ကုန်တွေရဲ့ တွဲဖက်တည်ထောင်သူတွေထဲမှာ အပါအဝင်ဖြစ်တဲ့ Pham ဟာ နည်းပညာပြပွဲ တစ်ခုမှာ သူတို့ရဲ့ဖန်တီးတီထွင်မှုတစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒါကတော့ LED နည်းပညာနဲ့ ပေါင်းစပ် ဖန်တီးထားတဲ့ မျက်တောင်တုပါပဲ။ အဲဒီထုတ်ကုန်ဟာ အရမ်းကိုထူးခြားပြီး စိတ်ဝင်စားစရာကောင်းတာကြောင့် ပွဲလာသူပရိသတ်အပေါင်းကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။



ပွဲကိုလာရောက်သူတွေဟာ တဖိတ်ဖိတ်တောက်နေတဲ့ မျက်လုံးရဲ့ အလုပ်လုပ်ပုံကို စိတ်ဝင်တစား ကြည့်ရှုလို ကြတာကြောင့် သူတို့ရဲ့ပြခန်းရှေ့ကို ရောက်ရှိလာကြတာပါ။ မီးလင်းတဲ့ မျက်တောင်တုတွေမှာ အရောင်မျိုးစုံ ရှိပါတယ်။ အဲဒီထဲမှာ ပန်းရောင်၊ အနီရောင်၊ အပြာရောင်၊ အဖြူရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်တို့ ပါဝင် ပါတယ်။



အဲဒီမျက်တောင်တုတွေဟာ ရိုးရိုးမျက်တောင်တုပုံစံမှာပဲ ဘက်ထရီသေးသေးလေးနဲ့ အားဖြည့်ထားတဲ့ LED မီး သေးသေး လေးတွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဘက်ထရီကို ထုတ်ကုန်ရဲ့ အနောက်ဘက်မျက်နှာပြင်မှာ တပ်ဆင်ထားတာဖြစ်ပြီး သုံးစွဲသူအနေနဲ့ မျက်တောင်တုတပ်ရတာ သက်သောင့်သက်သာမဖြစ်မှာ မပူရပါဘူး။ အဲဒါလေးတွေဟာ အရွယ်အစား သေးငယ်လွန်းတာကြောင့် မြင်မြင်ချင်း သတိထားမိမှာတောင် မဟုတ်ပါဘူး။



ဒါ့ပြင် အဲဒီ LED မျက်တောင်တုတွေကနေ အပူလွန်ပြီး သင့်မျက်လုံးကိုထိခိုက်မှာကိုရော၊ မျက်တောင်တု တပ်ဆင်ချိန်မှာ သက်သောင့်သက်သာမဖြစ်မှာကိုရော မပူရဘူးလို့ သိရပါတယ်။ တပ်ရတာလည်း မခက်ပါဘူး။ ပုံမှန်မျက်တောင်တုတွေ တပ်သလို မျက်တောင်တုကော်ကိုပဲ အသုံးပြုပြီး ပုံမှန်အတိုင်း တပ်ဆင်ရမှာပါ။ ဒါပေမဲ့ လည်း ဒီမီးရောင်တလက်လက်နဲ့ မျက်တောင်တုတွေကို အသုံးပြုတပ်ဆင်ထားနိုင်တဲ့ ကြာချိန်ဟာ ၂ မိနစ် ထက် မပိုရဘူးလို့ လမ်းညွှန်ထားပါတယ်။



ဒီထုတ်ကုန်ရဲ့ အကောင်းဆုံးအချက်ကတော့ ပုံမှန်မျက်တောင်တုတွေလို အကြိမ်ကြိမ်အခါခါ အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ Pham ရဲ့အဆိုအရ LED ကနေ ထွက်လာတဲ့ အလင်းရောင်ဟာ မျက်လုံးနဲ့ အမြင်အာရုံကိုလည်း မထိခိုက်စေနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီမီးရောင်ဟာ မှိန်မှိန်ပျပျလေးသာဖြစ်ပြီး တော်ရုံတောင် သတိမထားမိနိုင် ပါဘူး။ အဲဒီမျက်တောင်တုဟာ အမှောင်ထဲမှာသာ ခပ်မှိန်မှိန်လေးလင်းပြီး သင့်ကို ပေါ်လွင်နေစေမှာပါ။



အဲဒီထုတ်ကုန်ကို ဈေးကွက်ထဲမဖြန့်ရသေးပေမယ့် ထုတ်လုပ်သူအနေနဲ့ မကြာခင်မှာ ပွဲတစ်ခုကျင်းပပြီး ပွဲထုတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ Pham ကတော့ ဒီထုတ်ကုန်ဟာ လူတိုင်းဝယ်ယူနိုင်လောက်အောင် သင့်တင့်တဲ့ ဈေးနှုန်းတစ်ခုနဲ့ ထွက်ရှိလာမယ်လို့လည်း ဆိုပါတယ်။



by Cherry Mon

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။