ဒီလောက်ဝနေတာတောင် ရေခဲမုန့်စားချင်သေးတယ်လား လို့ပြောတဲ့ရည်းစားကို ကပ်ကြေးနဲ့ထိုးသတ်တဲ့ ကောင်မလေး

ရေခဲမုန့်တောင်းစားရာကနေ လူသတ်မှု ဖြစ်သွားရလောက်အောင် စကားလုံးတွေဟာ အစွမ်းထက်တယ်ဆိုတာ ဒီအဖြစ်အပျက်က သက်သေပါပဲ။ အဖြစ်အပျက်ကတော့ သြဂုတ်လ ၁၄ ရက်နေ့ ညနေလောက်က တရုတ်နိုင်ငံ Henan မှာ ဖြစ်ခဲ့တာပါ။ နှစ်ယောက်လုံးက အသက် ၂၀ ဝန်းကျင်ပဲ ရှိပါအုံးမယ်။ တွဲလာတာ ၁ လတောင် မပြည့်သေးဘူးလို့ သိရပါတယ်။ 


ကောင်မလေးနဲ့ကောင်လေးဟာ မြို့ထဲမှာ ဈေးဝယ်ထွက်ဖို့ လာကြတာပါ။ အဲဒီမှာ ရာသီဥတုက ပူတော့ ကောင်မလေးက ကောင်လေးကို ရေခဲမုန့်တောင်းစားတာပေါ့။ “နဂိုတည်းက ဝပါတယ်ဆိုမှ ရေခဲမုန့် စားချင်သေးတာလား” ဆိုပြီး ကောင်လေးက စနောက်ကျီစယ်ပြီး ပြောလိုက်ပါတယ်။ အဲဒီစကားကို ကြားကြားချင်းပဲ ကောင်မလေးက အရမ်းဒေါသထွက်သွားခဲ့ပါတယ်။


ကောင်မလေးဟာ ဘာမှပြန်မပြောဘဲ ဆိုင်တစ်ဆိုင်ထဲ ဝင်သွားပြီး ကပ်ကြေးတစ်လက် ဝယ်လာပါတယ်။ ထွက်လာပြီးတော့ ချက်ချင်းပဲ ကောင်လေးကို ကပ်ကြေးနဲ့ လေးကြိမ်ထိုးပစ်ခဲ့ပါတယ်။ ကောင်လေးဟာ ဘာမှ တုံ့ပြန်ချိန်တောင် မရလိုက်ပဲ သွေးအိုင်ထဲမှာ လဲကျသွားပါတော့တယ်။ ဘေးနားကလူတွေလည်း ရုတ်တရက် အံ့သြနေရာကနေ ပြန်သတိဝင်လာပြီး လူနာတင်ကားကို ဖုန်းဆက်ကြပါတော့တယ်။


ရဲနဲ့ လူနာတင်ယာဉ်ရောက်လာပြီး ကောင်လေးကို ကယ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်ကျသွားပါပြီ။ ကောင်လေးဟာ ဒဏ်ရာတွေနဲ့အတူ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကောင်မလေးကလည်း ထွက်ပြေးခဲ့ပါတယ်။ ပြေးရင်းလွှားရင်း ဒဏ်ရာတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာ ဖမ်းမိခဲ့ပါတယ်။ ရဲတွေကတော့ အမှုကို စုံစမ်းစစ်ဆေးနေဆဲပဲလို့ သိရပါတယ်။



By Paulina