ကျောင်းသားတွေပေးတဲ့လက်ဆောင်ကြောင့် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ဆရာ

Cesar Punzalan ဆိုတဲ့ ဆရာဟာ ဖိလစ်ပိုင်နိုင်ငံ၊ Laguna မြို့မှာရှိတဲ့ Immaculate Heart of Mary School မှာ သိပ္ပံဘာသာရပ်ကို သင်ကြားပေးတဲ့ဆရာပါ။ အသက် ၅၀ ရှိပြီဖြစ်တဲ့ ဆရာဟာ ဆင်းရဲတာကြောင့် နေ့စဉ် ကျောင်းကို လမ်းလျှောက်လာရပါတယ်။ ဆရာရဲ့အိမ်က ကျောင်းနဲ့ ၈ ကီလိုမီတာ (၅ မိုင်ခန့်) လောက် ဝေးပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ဖိနပ်တွေဟာ ပါးရှပ်စုတ်ပြတ်လို့ နေပါပြီ။

သူဟာ ဆရာတစ်ယောက်ရဲ့ တာဝန်ကို ဘယ်တော့မှ မပျက်ကွက်ခဲ့ပါဘူး။ သူ့ရဲ့လစာ တော်တော်များကိုလည်း နေမကောင်းဖြစ်နေတဲ့ သမီးလေးကိုကုသဖို့ အသုံးပြုနေရတာကြောင့် သူ့ကိုယ်သူတောင် ဆင်ယင်နိုင်ပုံမရပါဘူး။ သူ့ရဲ့ လေးစားစရာကောင်းတဲ့ အပြုအမူကို သူ့ရဲ့ ကျောင်းသားတွေက ကြာကြာလျစ်လျူရှုမထားနိုင်တော့ပါဘူး။


သြဂုတ်လ ၁၂ ရက်နေ့မှာတော့ ဆရာဟာ ခါတိုင်းလိုပဲ စာသင်ဖို့ ရောက်လာခဲ့ပါတယ်။ စာသင်ဖို့ပြင်ဆင်နေတဲ့ဆရာကို ကျောင်းသားတွေက “ဆရာ၊ ဆရာစာမသင်ခင် ကျွန်တော်တို့ ဆရာ့ကို ပေးစရာရှိတယ်” လို့ ပြောပြီး ဖဲပြားလေး စည်းထားတဲ့ သေတ္တာလေးကို ပေးလိုက်ပါတယ်။ ဆရာလည်း အရမ်း အံ့အားသင့်သွားပြီး ရုတ်တရက် လက်ဆောင်ဗူးကို ဖွင့်ဖို့တောင် ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။ တပည့်တွေ စနောက်နေတယ်လို့လည်း ထင်နေခဲ့တာပေါ့။

ဆရာဟာ ကြောက်ကြောက်နဲ့ပဲ လက်ဆောင်ဗူးလေးရဲ့ ကြိုးတွေကို ဖြည်နေခဲ့ပါတယ်။ သူဖွင့်နေတာကို စိတ်မရှည်တော့လို့ ကျောင်းသားတွေက ကတ်ကြေးပေးပြီး ဖွင့်ခိုင်းလိုက်ပါတယ်။ ဆရာကြောက်နေတာကို ကြည့်ပြီး ကျောင်းသားတွေက စနောက်ကြတာပေါ့။ အထဲမှာ ပိုးဟပ်တွေ၊ မြွေတွေလည်း ဖြစ်နိုင်သလို ပိုက်ဆံတွေလည်း ဖြစ်နိုင်တယ်ဆိုပြီးတော့ပေါ့။


ဗူးအဖုံးလေးပွင့်သွားခဲ့တဲ့အခါမှာတော့ ဖိနပ်တစ်ရံဆိုတာ ဆရာ သိသွားခဲ့ပါတယ်။ “ဘာလို့ ပိုက်ဆံတွေ သုံးခဲ့တာလဲ?” လို့ဆရာကမေးတဲ့အခါ ဆရာ့ကိုချစ်တာကြောင့် ကျောင်းသားအားလုံး ပိုက်ဆံစုဝယ်တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ “ဆရာ ကျွန်တော်တို့ကို ကူညီခဲ့တာနဲ့စာရင် ဒါဟာ လက်ဆောင်သေးသေးလေးပါပဲ” တဲ့။ ဆရာဟာ ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။

" target="_blank">

ကျောင်းသားတွေကို သူတတ်တဲ့ပညာလေးတွေ ဝေမျှပေးချင်ရုံကလွဲပြီး ကျောင်းသားတွေဆီက ဘာမှ မမျှော်လင့်ပါဘူး လို့ ဆရာ Cesar က ရှင်းပြခဲ့ပါတယ်။ ကျောင်းသားတွေကလည်း သူတို့နောက်တစ်တန်း မတက်ခင်မှာ ဆရာ့ကိုပျော်စေမယ့် လက်ဆောင်တစ်ခုခု ပေးခဲ့ချင်တာဖြစ်ကြောင်း ပြန်ပြောခဲ့ကြပါတယ်။

ဆရာဆိုတာ အနန္တဂိုင်းဝင်တွေပါ။ ကျောင်းသားတွေ လူတော်လူကောင်းဖြစ်ဖို့ ဆရာတွေဟာ သူတို့ရဲ့ အချိန်တွေ၊ အင်အားတွေ များစွာ စိုက်ထုတ်ထားကြတာပါ။ အခုလိုမျိုး ဆရာ့ကျေးဇူးကို တန်ဖိုးထားတတ်တဲ့ အဖြစ်အပျက်လေးကို ကြားသိရတာ တကယ်ကို မင်္ဂလာရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဆရာများအားလုံးကို လေးစားလျက်…


By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။