ဥတွေ အခွံခွာရတာ မခက်အောင် ဒီလိုပြုတ်ကြည့်ပါ

ဘဲဥ၊ ကြက်ဥလို ဥတွေဟာ လူတော်တော်များကြိုက်ကြတဲ့ စားစရာတစ်မျိုးပါ။ ဥတွေကို ပြုတ်ပြုတ်၊ ကြော်ကြော်၊ ပေါင်းပေါင်း အရသာရှိပါတယ်။ ဒါပေမဲ့ ဘဲဥပဲဖြစ်ဖြစ် ကြက်ဥပဲဖြစ်ဖြစ် ပြုတ်တာဟာ လွယ်တယ် လို့ ထင်ရပေမယ့် အခက်အခဲတချို့ ရှိတတ်ပါတယ်။ ဥပမာဆိုရင် ပြုတ်ပြီးလို့ အခွံနွာတဲ့အခါ ဥအကာလေးတွေ ပဲ့ပါလာတာမျိုး၊ အခွံခွာရတာ ခက်နေတာမျိုးလို ကိစ္စလေးတွေပါပဲ။



ဥပြုတ်တဲ့အခါ အိုးထဲမှာ ရေထဲပြည့်ပြီး ပြုတ်လိုက်ရုံပါပဲ။ ဒါနဲ့များ ဘာအရာကမှားနေတာလဲ။ အဲဒါကြောင့် ဥပြုတ်တဲအခါ အခွံခွာတာ မခက်ရလေအောင်၊ လှလှပပ ကြက်ဥ၊ ဘဲဥပြုတ်လေးတွေရအောင် ပြုတ်ရမယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်တဲ့ပစ္စည်းများ


- ကြက်ဥ သို့မဟုတ် ဘဲဥ
- ဆား
- ရေ
- အိုး



အဆင့် ၁ - ပထမဆုံး ကြက်ဥကို ရေဘုံဘိုင်မှာ ရေဆေးပါ။ ပြီးရင် ရေထည့်ထားတဲ့ ဇလုံထဲမှာ ၁၀ မိနစ်ခန့် ရေစိမ်ထားပါတယ်။


အဆင့် ၂ - အိုးတစ်လုံးထဲမှာ ရေအနေတော်ထည့်ပြီး ဆားနည်းနည်းထည့်ပါ။ အိုးကို မီးဖွင့်ပြီးစပြုတ်ပါ။ ပြီးရင် ဆူလာတဲ့အထိ စောင့်ပါ။


အဆင့် ၃ - သင်ကြိုက်တဲ့ အနေအထားအထိရအောင် ဆက်ပြုတ်ပေးပါ။


အဆင့် ၄ - သင်ကြိုက်တဲ့အနေအထားရတဲ့အခါ ဥတွေကို ဆယ်ယူပြီး ရေအေးထဲမှာ ပြန်စိမ်ပေးပါ။



ဥတွေကို ရေအေးထဲမှာ စိမ်ထားတဲ့အခါက ဥအခွံက ရေတွေကို စုပ်ယူသွားပြီး တဖြည်းဖြည်းပိုမိုပျော့ပျောင်း နူးညံ့လာတာကြောင့် အခွံခွာရတာ ပိုမိုလွယ်ကူစေပါတယ်။ အဲဒီလိုရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို သုံးပေးရုံနဲ့ ကြက်ဥပြုတ်ကို အလုံးလှလှလေး ဖြစ်စေပြီး စားရတာလည်း အရသာပိုရှိစေပါတယ်။



သတိပြုရယ့်အချက်များ


၁။ ဥပြုတ်တဲ့အခါ သင့်တင့်တဲ့ ဆားပမာဏကို ချိန်ဆထည့်ပေးပါ။ ဆားက ရေရဲ့အပူချိန်ကို ပိုတိုးစေပါတယ်။ ရေရဲ့အပူချိန်ပိုတိုးလာလေ ဥတွေကလည်း အပူကိုမြန်မြန်စုပ်ယူလေဖြစ်တာကြောင့် စားတဲ့အခါမှာ ပိုမိုနူးညံ့ပြီး အရသာရှိစေပါတယ်။


၂။ သင်ကြိုက်တဲ့အနေအထားအထိ ဥတွေကို ပြုတ်ပြီးတဲ့အခါ ရေအေးထဲကို မြန်မြန်စိမ်ပေးပါ။ အဲဒီအခါ ဥအခွံတွေဟာ အလိုအလျောက်ကွဲအက်သွားပါလိမ့်မယ်။ အဲဒီအခါ အသာအယာနဲ့ လွယ်လွယ်ကူကူ အခွံခွာရုံ ပါပဲ။



ကဲ အဲဒီအချက်လေးတွေ သတိထားလိုက်မယ်ဆိုရင်တော့ ဥလှလှလေးကို အရသာရှိရှိ စားသုံးနိုင်ပါပြီနော်။


by Cherry Mon

 


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။