
အမွှာရင်သွေးရဖို့ ရာခိုင်နှုန်းပိုများတဲ့ မိန်းကလေး (၅) မျိုး
မတ်မတ်ချစ်သုဝေလိုမျိုး ချစ်စရာကောင်းတဲ့ အမွှာရင်သွေးလေးတွေ လိုချင်တဲ့သူများရှိလား။ အမွှာရင်သွေးဆိုတာ ချစ်ဖို့ကောင်းသလို ရဖို့လည်း ခဲယဉ်းပါတယ်။ ခုဆိုရင် အမွှာမွေးတဲ့ ရာခိုင်နှုန်း ပိုနည်းလာပြီလို့ လေ့လာသူတွေက ဆိုပါတယ်။ ကိုယ်ဝန်တစ်ခါဆောင်ရင် ၁.၆% လောက်ပဲ အမွှာရနိုင်ချေ ရှိပါတယ်။ အဲလိုခက်ခဲရှားပါးနေတဲ့အချိန်မှာ အမွှာမွေးဖွားနိုင်တယ်ဆိုတာ ကံထူးတယ်လို့ပဲ ပြောရမှာပေါ့။ ဘယ်လိုလူတွေက အမွှာကိုယ်ဝန်ဆောင်ရဖို့ အခွင့်အရေးပိုများပါသလဲ။ သင်ရော ကံထူးရှင် ဖြစ်နိုင်ပါသလား။
၁) အမွှာမျိုးရိုးရှိသူ
သင့်ရဲ့မျိုးရိုးကို မြေလှန်ကြည့်ပါ။ သင့်အမျိုးထဲမှာ အမွှာမွေးတဲ့သူရှိရင် သင်လည်း အမွှာရင်သွေး ရနိုင်ချေ ရှိပါတယ်။ အမွှာမျိုးရိုးက သင့်အမေဘက်မှာ ရှိတာဆိုရင် သင့်အတွက် အမွှာရနိုင်ချေ ပိုများပါတယ်။
၂) အသက် ၃၅ နှစ်ကျော်တဲ့သူ
အသက် ၂၀ ကျော်မှာ ကလေးမွေးယူဖို့ ပိုအဆင်ပြေတယ်ဆိုပေမယ့် အမွှာကိုယ်ဝန်လိုချင်ရင်တော့ အသက် ၃၅ ထိ စောင့်လိုက်ပါ။ အသက်ကြီးလေ အမွှာရနိုင်ချေ များလေပါပဲ။ အသက် ၃၅ ကျော်တဲ့အခါ follicle-stimulating hormone (FSH) တွေ ပိုထုတ်ပါတယ်။ အဲဒီဟော်မုန်းတွေက အမွှာမျိုးဥတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
၃) သိပ္ပံနည်းနဲ့ပြုပြင်သူ
သဘာဝအတိုင်း အမွှာရဖို့ မလွယ်တာကြောင့် တချို့တွေက မမျိုးဥတွေကို သိပ္ပံနည်းနဲ့ ပြုပြင်ပြီး အမွှာရအောင် လုပ်ကြပါတယ်။ အဲဒီကုသမှုမှာ သောက်ရတဲ့ ဆေးတွေက သားအိမ်ထဲက မျိုးဥတွေကို ပွားလာစေပါတယ်။ အဲဒီ in-vitro fertilization နည်းလမ်းနဲ့ဆိုရင်တော့ အမွှာရဖို့ ပိုအခွင့်အလမ်းများတယ်လို့ သိရပါတယ်။
၄) အရပ်ရှည်သူ
The Journal of Reproductive Medicine မှာ ထုတ်ပြန်ထားတဲ့ လေ့လာတွေ့ရှိချက်တစ်ခုကတော့ အရပ်ရှည်တဲ့သူတွေက အမွှာရနိုင်ချေပိုများတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရပ်ရှည်တဲ့ အမျိုးသမီးတွေက follicle-stimulating hormone (FSH) ပိုထုတ်လို့ပါတဲ့။ ဒါ့အပြင် အရပ်ရှည်တဲ့သူတွေက အမွှာကိုယ်ဝန်ဆောင်ဖို့ သင့်တော်တဲ့ ဖွဲ့စည်းပုံရှိလို့ပါ။
၅) ကလေးမွေးဖူးသူ
ကလေးရှိပြီးသားမိခင်တွေလည်း နောက်ထပ်ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာကိုယ်ဝန်ဆောင်ရနိုင်ပါတယ်။ တစ်ကြိမ်ထက်မနည်း ကိုယ်ဝန်ဆောင်ဖူးသူတွေဟာ အမွှာကိုယ်ဝန်ရနိုင်ချေ ပိုများတယ်လို လေ့လာတွေ့ရှိထားပါသေးတယ်။
By Paulina
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။