ခန္ဓာကိုယ်အတွက်ဆို ကြိုက်ကြိုက် မကြိုက်ကြိုက် စားသုံးသင့်တဲ့ အမဲသားရဲ့ အကျိုးကျေးဇူးများ

စာဖတ်သူများအနေနဲ့ အမဲသား စားသုံးခြင်းကို နှစ်သက်သူဆိုရင်တော့ ဒီဆောင်းပါးကို ပြီးဆုံးအောင်ဖတ်စေချင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အသားဆို ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနဲ့ ငါးတို့ကိုသာ အများဆုံး စားသုံးကြပြီး ပင်လယ်စာတွေကိုတော့ ရံဖန်ရံခါမှသာ စားသုံးတတ်ကြပါတယ်။ ဒီတော့ ဒီတစ်ခေါက်မှာ အမဲသားစားသုံးချင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတလေးတွေကို ပြန်လည်ဝေမျှပေးခြင်ပါတယ်။


အမဲသားကို ရှေးယခင် သမိုင်းအဆက်ဆက်မှာတည်းက ပြည့်ဝစားသောက်စရာအဖြစ် သတ်မှတ်ခဲ့ကြပြီး ကြိုက်နှစ်သက်စွာ စားသုံးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့မြန်မာနိုင်ငံမှာတော့ နွားမှ ရတဲ့ အမဲသားကို နွားဟာ ထမင်းရှင်ဖြစ်တဲ့အတွက် စားသုံးရန် မသင့်ဘူးဟု မြန်မာတို့ရဲ့ ချစ်စရာ အလေ့အထလေးနဲ့ သတ်မှတ်ထားကြပါတယ်။  ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံမှာ အမဲသားကို ရှောင်စားကြတဲ့သူတွေများသလို လုံးဝမစားကြတဲ့ လူတွေလည်း အများကြီးရှိနေကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အမဲသားဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး စားလို့ကောင်းတာကြောင့် တကယ့် Hotel ကြီးတွေမှာတောင် အဓိကအစားအစာအဖြစ် ရောင်းချကြပါတယ်။


အမဲသားဟာ အညှီနီရှိပေမယ့် သေသေချာချာ ချက်ပြုတ်ရင် အရမ်းစားလို့ကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်တဲ့အပြင် အားလည်းပြည့်တဲ့အတွက် လူကြိုက်များပါတယ်။ လူတချို့ကလည်း အမဲသားဟာ အနီရောင်အသားအုပ်စုဝင်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ဆိုကြပေမယ့် တချို့ကျတော့လည်း အမဲသားဟာ ကုန်ဆုံးသွားတဲ့ အားအင်တွေပြန်ပြည့်စေဖို့ အကောင်းဆုံး အစားအသောက်လို့လည်း ဆိုကြပြန်ပါတယ်။


နေမကောင်းရင် အမဲဆွပ်ပြုတ်လေးသောက်ဖို့ ဆရာဝန်တွေ ဘာလို့ အကြံပေးလဲဆိုရင် အမဲသားမှာ L-carnitine ပါဝင်ခြင်း၊ Glutathione ပါဝင်ခြင်း၊ Conjugated Linoleic Acid ပါဝင်ခြင်း၊ ပရိုတင်းဓာတ်ကြွယ်ဝခြင်း၊ သတ္ထုဓာတ်ကြွယ်ဝခြင်း၊ ဗီတာမင် B (12) ကြွယ်ဝခြင်းဆိုတဲ့ ခန္ဓာကိုယ်အကျိုးပြု အာနိသင်တွေပါဝင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆီလုံးဝမပါဘဲ အသားတွေကြီးရှိတဲ့ အမဲသားကို စားသုံးမယ်ဆိုရင် သွေးအတွင်း သကြားဓာတ်နဲ့ ကိုလက်စရောကို လျော့ချပေးပြီး ရှားရှားပါးပါးပါဝင်တဲ့ amino acid ကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။


ဒါ့အပြင် ကြွက်သားတွေတည်ဆောက်ရာမှာ လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ထုတ်ပေးတဲ့ အမဲသားဟာ သံဓာတ်၊ ဖော့စဖောရက်စ်၊ ဇင့်ဓာတ်နဲ့ selenium သတ္တုဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ ဒါကြောင့် တချို့ဆရာဝန်ကြီးတွေဆိုရင် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေကိုတောင် အမဲသား စားသုံးဖို့တိုက်တွန်းထားပြီး မိခင်လောင်းတွေအတွက် တန်းဖိုးရှိတဲ့ အစာအဖြစ်လည်း သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဘယ်အာဟာရဓာတ်တွေ ပါဝင်သလဲ၊ ဘယ်လောက်စားသုံးရင် လုံလောက်သလဲ၊ ဘယ်လို မှန်ကန်အောင် စားသုံးရမလဲ စတာတွေကိုတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ အနည်းငယ်လိုအပ်တာပေါ့နော်။ 


နောက်တစ်ခုအနေနဲ့ လူငယ်တွေအတွက် ပြောချင်ပါတယ်။ ယနေ့ခေတ်မှာ ယောကျ်ားလေးတွေဆို Body 6 pack ထွက်မှ လူရာဝင်တယ်လို့ ထင်တဲ့သူတွေရှိသလို မိန်းကလေးတွေဆိုလည်း ထို့နည်းအတူ ခန္ဓာကိုယ်လေး သွယ်လှနေမှ Cute type ဖြစ်တယ်လို့ ထင်နေတာကြောင့် Gym Club တွေမှာ Body Building လုပ်ပြီး လူစည်ကားနေပါတယ်။ ဒီတော့ Body Building လုပ်တဲ့ လူငယ်တွေအတွက် အမဲသားကို အဓိကစားသုံးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အမဲသားမှာ များပြားလှတဲ့ အသားဓာတ် (၅၂)ရာခိုင်နှုန်း ပါဝင်တာကြောင့် အမဲသားကို Weight Gain သမားတစ်ယောက်အတွက် မစားမဖြစ် အသားတစ်မျိူးလို့ ဆိုနိုင်ပါတယ်။ အဲ့တော့  အမဲသားမစားဘူးဆိုရင် ကိုယ့်မှာ အမဲသားကရရှိနိုင်တဲ့ အကျိုးအာနိသင်တွေမရတော့ဘူးပေါ့။


ဒီတော့ ကျန်းမာရေးလိုက်စားသူတွေ၊ သာမာန်ရုံးသွားရုံးပြန်လူတွေ၊ Body Building လုပ်နေတဲ့လူတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေ အတွက်ပါ များစွာအထောက်အကူပြုတဲ့ အမဲသားကို မစားသုံးဘူးဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တွေအပြင် သွေးအားနည်းတတ်သူတွေပါ အမြဲအခက်တွေ့နေမှာ သေချာပါတယ်။

Writer - Mozex

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။