
အသက်၃၀ကျော် အပျိုကြီးဝန်ထမ်းတွေအတွက် ချစ်သူရှာဖို့ပိတ်ရက်ပိုပေးတဲ့ တရုတ်ကုမ္ပဏီ
၂၁ ရာစုမှာ ရည်းစားရှာဖို့ အချိန်မပေးနိုင်လို့ အပျိုကြီးဖြစ်နေတဲ့ မတ်မတ်တွေအတွက် ရည်းစားရှာဖို့ အားလပ်ချိန် ပိုပေးတဲ့ ကုမ္ပဏီတွေ ရှိနေပါပြီ။ တရုတ်နိုင်ငံက ကုမ္ပဏီ ၂ ခုမှာ အသက် ၃၀ ကျော်တဲ့ အမျိုသမီး ဝန်ထမ်း အပျိုကြီးတွေကို တစ်နှစ်မှာ အပို (၈) ရက် ပိတ်ရက်ပေးထားပါတယ်။ အဲဒီပိတ်ရက်အတွက် လစာမဖြတ်ပါဘူး။ အဲလိုပိတ်ပေးရတဲ့ အကြောင်းအရင်းကတော့ အပျိုကြီးများ အိမ်ပြန်ပြီး ရည်းစားရှာဖို့ပါ။
တရုတ်နိုင်ငံမှာ အသက် ၂၀ ကျော်ပြီး အသက် ၃၀ ထဲ ရောက်လာတဲ့ တရုတ် Single အမျိုးသမီးတွေကို “အပျိုသိုး” တွေ (သို့မဟုတ်) Shengnu လို့သတ်မှတ်ကြပါတယ်။ တရုတ်နိုင်ငံဆိုတာလည်း စီးပွားရေးတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတာဆိုတော့ အမျိုးသမီးတွေဟာ သူတို့အလုပ်ကိုပဲ သူတို့ပိုအာရုံစိုက်လာကြပြီး နောက်ကျမှ လက်ထပ်ဖို့၊ ဒါမှမဟုတ် တစ်သက်လုံး အပျိုကြီးလုပ်ဖို့ပဲ အားသန်လာကြပါတယ်။
တရုတ်နိုင်ငံရဲ့ အိမ်ထောင်ပြုနှုန်းကလည်း ၂၀၁၃ ခုနှစ်ကတည်းက တဖြည်းဖြည်းကျဆင်းလာလိုက်တာ လူသန်း ၂၀၀ လောက်က Single တွေ ဖြစ်နေကြပါတယ်။ မကြာသေးခင်က စစ်တမ်းတွေအရ ၁၉၉၅ နောက်ပိုင်းမွေးတဲ့ တရုတ်အမျိုးသမီး ၈၀ ရာခိုင်းနှုန်းလောက်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်ချင်တဲ့သူတွေ ဖြစ်ကြပါတယ်။ ဇနီးကောင်းတစ်ယောက်၊ မိခင်တစ်ယောက် ဖြစ်ဖို့ထက် ပိုက်ဆံရှာမယ်၊ ကိုယ့်ဘဝကိုယ် ရပ်တည်မယ်ဆိုတဲ့သူတွေက ပိုများလာပါတယ်။
ဒါကြောင့် Hangzhou Songcheng Tourism Management ကုမ္ပဏီမှာ လုပ်တဲ့ အလုပ်သမားတွေကို နှစ်သစ်ကူးပိတ်ရက်ရှည် ပိုပိတ်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အလုပ်တာဝန်အရမ်း မကြီးတဲ့ ဝန်ထမ်းတွေလောက်ပဲ ဒီအားလပ်ရက်ကို ခံစားခွင့် ရှိတာပါ။ တရုတ်ပြည်အရှေ့ပိုင်း Hangzhou မြို့က အထက်တန်းကျောင်းတစ်ခုမှာလည်း စိတ်ဖိစီးမှုများတဲ့ Single ဆရာမတွေကို လတိုင်းမှာ “love leave” ဆိုပြီးတော့ ပိတ်ရက် ၂ ရက်ပိုပေးတဲ့ မူဝါဒကို ထုတ်ပြန်ခဲ့ပါတယ်။
Hangzhou Songcheng ရဲ့ HR Manager ကတော့ အခုလိုပဲ ဖြေကြားထားပါတယ်။ “အမျိုးသမီးဝန်ထမ်း အများစုဟာ ရုံးတွင်းမှာပဲလုပ်ကြရတာ များပါတယ်။ သူတို့ဟာ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတာ များပါတယ်။ ဒါကြောင့် သူတို့ကို ပိတ်ရက်ပိုပေးပြီး ဆန့်ကျင်ဘက်လိင်နဲ့ တွေ့ဆုံနိုင်ဖို့အခွင့်အလမ်း ပိုရအောင် ဖန်တီးပေးတာပါ။” တဲ့။
By Paulina
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။