ဖျက်ချခံရတဲ့ သန္ဓေသားတွေကို စနစ်တကျမြှုပ်နှံပေးခဲ့တဲ့ ပရဟိတသူရဲကောင်း

အများအကျိုးကိုဆောင်တဲ့ ပရဟိတအလုပ်တွေဟာ မွန်မြတ်ပါတယ်။ မိဘမဲ့ကလေးတွေ၊ သက်ကြီးရွယ်အို တွေနဲ့ အမှန်တကယ်လိုအပ်နေသူတွေ ငွေကြေးလှူဒါန်းတာ လုပ်အားနဲ့ ကူညီတာတွေဟာ ပရဟိတသမားတိုင်း လုပ်လေ့ရှိတဲ့ အလုပ်တွေပါ။ သူများနဲ့မတူတဲ့ လူတိုင်းမလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို လုပ်နေကြတဲ့ ရှားပါးပရဟိတသမားတွေလည်း ရှိနေပါတယ်။



ဗီယက်နမ်နိုင်ငံက ဆောက်လုပ်ရေးလုပ်သားတစ်ယောက်ဖြစ်တဲ့ Tong Phuoc Phuc ဆိုသူကတော့ တကယ် ကို ထူးခြားတဲ့ ပရဟိတသမားတစ်ယောက်ပါ။ သူဟာ ပရဟိတအဖွဲ့လေးတစ်ခု ဖန်တီးပြီး ဆေးရုံတွေမှာ သားပျက်ထားတဲ့ သန္ဓေသားတွေကို လိုက်လံရှာဖွေစုဆောင်းကာ မြေမြှုပ်သဂြိုလ်ပေးတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ ပါတယ်။ အဲဒီသားပျက်သန္ဓေသားတွေကို Khanh Hoa ရဲ့ အလယ်ပိုင်းကမ်းရိုးတန်းနယ်ပယ်တဝိုက်က တောင်ကုန်းလေးတစ်ခုပေါ်မှာ သုသာန်အသေးစားဖန်တီးပြီး မြေမြှုပ်ပေးတာ ဖြစ်ပါတယ်။



တကယ့်ကို ထူးခြားတဲ့ ပရဟိတအလုပ်ပါပဲ။ Tong Phuoc Phuc ဟာ တကယ်ကိုအတ္တကင်းတဲ့ ပရဟိတစိတ်ဓာတ်ဆိုတာကို ကမ္ဘာကသိအောင် ချပြလိုက်တာလို့ ဆိုရမှာပါ။ သူဟာ စွန့်ပစ်ခံကလေးတွေနဲ့ သားပျက်သန္ဓေသားတွေအတွက်တော့ တကယ့်သူရဲကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။



သူ ဒီအလုပ်လုပ်ဖြစ်ခဲ့ပုံကလည်း ထူးခြားပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက သူ့ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ချိန်မှာ အဲဒီလိုအသိတွေ ရရှိခဲ့တာပါ။ ဇနီးဖြစ်သူနဲ့ ဆေးရုံကို အဖော်လိုက်သွားတဲ့အခါမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး များစွာဟာ ကလေးတွေမပါဘဲ ဆေးရုံထဲကနေ ပြန်ထွက်သွားတာတွေကို တွေ့ရှိခဲ့ရပါတယ်။ နောက်ပိုင်းမှ သိခဲ့ရတာကတော့ အဲဒီအမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ချဖို့ ရောက်ရှိလာကြတာပါ။



အဲဒီအကြောင်းကို သိတဲ့အခါမှာ သူအတော်လေး စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ လောကကြီးထဲကို ရောက်ရှိ လာဖို့ အခွင့်အရေးမရှိတော့တဲ့ ကလေးငယ်လေးတွေအတွက် သနားစိတ်ဝင်မိခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီလို ဖျက်ချခံလိုက်ရတဲ့ သန္ဓေသားတွေကို ဆေးရုံကနေ တောင်းယူပြီး အခုလို လူလိုသူလို မြှုပ်နှံပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိခင်ကတောင် မလိုချင်လို့ ဖျက်ချခံလိုက်ရတဲ့ သန္ဓေသားတွေကို Tong က လူရာသွင်းပေးခဲ့ပါတယ်။



သူ့ရဲ့စုဆောင်းငွေတွေနဲ့ Nha Trang မြို့တော်က Hon Thom လို့ခေါ်တဲ့ တောင်ထိပ်က မြေနေရာတစ်ခုကို ဝယ်ယူပြီး အဲဒီသနားစရာကလေးငယ်တွေကို မြှုပ်နှံသဂြိုလ်ပေးခဲ့ပါတယ်။ သူ အဲဒီလိုအလုပ်တွေ စလုပ်ချိန်မှာ ဇနီးဖြစ်သူက သူ့ကို အရူးတစ်ယောက်လို ထင်ခဲ့ပေမဲ့ သူကတော့ အားမလျှော့ခဲ့ပါဘူး။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ Tong ရဲ့ သင်္ချိုင်းမြေမှာ သားပျက်သန္ဓေသားကလေးပေါင်း တစ်သောင်းကျော်လာခဲ့ပါတယ်။



ဒါ့ပြင် သနားကြင်နာတတ်တဲ့ Tong ဟာ  မိခင်က မကြည့်ရှုမစောင့်ရှောက်နိုင်တဲ့ ကလေးသူငယ်တွေကိုပါ စောင့်ရှောက်ပေးခဲ့ ပါတယ်။ အဲဒီလိုနဲ့ သူ့ရဲ့အိမ်ဟာလည်း မိဘမဲ့ဂေဟာတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ တချို့မိခင် တွေဟာ အဆင်ပြေတဲ့အချိန်မှာ ကလေးကို ပြန်လာခေါ်ကြတာလည်း ရှိပါတယ်။



အစပိုင်းမှာတော့ အဲဒီအလုပ်တွေအားလုံးကို သူတစ်ယောက်တည်း လုပ်ဆောင်ခဲ့တာပါ။ သူလုပ်နေတာတွေက မှားနေတယ်လို့ အများကဝေဖန်မှာ စိုးတာကြောင့်လည်း ပါပါတယ်။ ဒါပေမဲ့ ဆေးရုံကလူတွေဟာ သူ့ရဲ့ ရည်ရွယ်ချက်ကောင်းကို နားလည်လာခဲ့ပြီး သူ့ရဲ့အလုပ်မှာ လာရောက်ကူညီကြပါတယ်။ Tong ဟာ ဖျက်ချ ခံလိုက်ရတဲ့ သန္ဓေသားတွေများစွာကို မြှုပ်နှံပြီးနောက်မှာ သူ့အနေနဲ့ သူတို့အသက်တွေကိုသာ ကယ်ဆယ်နိုင်ခဲ့ ရင် ပိုကောင်းမယ်ဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။



အဲဒါကြောင့် ဆေးရုံမှာ ကိုယ်ဝန်ဖျက်ချမယ့် အမျိုးသမီးတွေကို လိုက်လံစည်းရုံးပြီး ကလေးတွေကို မမွေးနိုင်ရင် သူမွေးပေးမယ့်အကြောင်း၊ လိုချင်တဲ့အချိန် ပြန်ပေးမယ့်အကြောင်း စည်းရုံးပြောဆိုခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် လောက်ကဆိုရင် တစ်နေ့ကို သန္ဓေသားပေါင်း ၃၀ လောက်ကို မြေမြှုပ်ပေးခဲ့ရပြီး အခုအချိန်မှာဆိုရင်တော့ မရှိသလောက် ရှားပါးသွားပြီလို့ ဆိုပါတယ်။



အခုဆိုရင် Tong ရဲ့ အိမ်ဂေဟာလေးမှာ မိဘမဲ့ကလေးပေါင်း ရာကျော်ရှိနေပြီဖြစ်ပြီး ကလေးတွေအတွက် နောက်ထပ် အိမ်ဂေဟာတစ်ခုကို ထပ်မံဖန်တီးပေးခဲ့ပါတယ်။ Tong ဟာ သူ့ဆီရောက်လာတဲ့ ကလေးတွေ အားလုံးကို မွေးစားကလေးတွေလို မဆက်ဆံဘဲ သူ့ရဲ့သားသမီးတွေလိုပဲ ညီတူညီမျှ ဆက်ဆံပါတယ်။ သူ စောင့်ရှောက်ပေးထားတဲ့ ကလေးတွေကို မိခင်တွေ ပြန်လာခေါ်လို့ သားအမိတွေ ပြန်ဆုံကြတဲ့အခါ Tong တစ်ယောက် အရမ်းပျော်ရွှင်ပြီး ပီတီဖြစ်ရပါတယ်။



Tong ဟာ တကယ်ကို မေတ္တာတရားကြီးမားပြီး ပရဟိတစိတ်အပြည့်ရှိတဲ့ ပရဟိတသူရဲကောင်းတစ်ယောက်ပါပဲ။ Tong လို လူတွေ များများရှိမယ်ဆိုရင် ကမ္ဘာကြီးဟာ ပိုမိုကောင်းမွန်လာမှာ သေချာပါတယ်။ သူ့ရဲ့စိတ်ထား နဲ့ အပြုအမူကို စံနမူနာယူပြီး ကလေးတွေကို လွယ်လွယ်မစွန့်ပစ်ကြဖို့ သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။ ကလေးငယ်တိုင်း လောကကြီးထဲဝင်ရောက်လာဖို့ အခွင့်အရေးရှိပါတယ်။


by Cherry Mon
 

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။