သူရိယရဲ့ လမ်းခွဲသတင်းအား ပြန်လည်ဖြေရှင်းလိုက်တဲ့ ဆုအိမ်စံ

ယခုနှစ် (၂)လပိုင်းကမှ တရားဝင်စေ့စပ်ပွဲပြုလုပ်ပြီး ပရိသတ်တွေရဲ့ Idol Couple အဖြစ် သတ်မှတ်အားကျခြင်းခံနေရတဲ့ သရုပ်ဆောင် သူရိယနဲ့ သရုပ်ဆောင် ဆုအိမ်စံတို့ဟာ လက်ရှိမှာတော့ တရားဝင်လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ သရုပ်ဆောင် သူရိယဘက်မှ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ သူရဲ့ ဖြေဆိုမှုကြောင့်ဘဲ ပရိသတ်တွေများစွာ ဝေဖန်မှုတွေ၊ စိတ်မကောင်းမှုတွေနဲ့ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။



တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ အတူတူလက်တွဲလာတဲ့ သူတို့စုံတွဲဟာ အချိန်အားဖြင့် (၂)နှစ်ကျော်ကြာခဲ့ပြီးနောက် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားတဲ့ ချစ်သူများနေ့မှာ တရားဝင်စေ့စပ်ခဲ့တာပဲဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာလည်း သူရိယနဲ့ ဆုအိမ်စံတို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေ မကြာခဏတက်တက်လာတဲ့အတွက် သူတို့နှစ်ယောက်ကို အားပေးထောက်ခံသူတွေ တဖြည်းဖြည်းများလာပြီး Idol Couple အဖြစ် ဝန်းရံသူတွေလည်း ရှိလာပါတယ်။


ဒါပေမဲ့ အခုချိန်မှာတော့ သူရိယရဲ့ ပြောကြားချက်တွေအပေါ်  ဆုအိမ်စံမှ အခုလို တုန့်ပြန်ခဲ့ပါတယ်။ “ ကျွန်မ ဆုအိမ့်စံနှင့် သူရိယသည် လွန်ခဲ့သော နှစ်နှစ်ကျော် ကာလကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြပါသည်။ ချစ်သူတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဘက်မိဘများ၏ သဘောတူညီမှုဖြင့် (၁၄.၂.၂၀၁၉)တွင် စေ့စပ်ကြောင်းလမ်းခဲ့ကြပါသည်။ စေ့စပ်ပြီးနောက်ပိုင်း သူရိယအနေဖြင့် လက်ထပ်ရန်အတွက် အစီစဉ်များကို ရွှေ့ဆိုင်းပျက်ကွက်လာကာ သဘောထားများ ပြောင်းလဲ၍ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရန် သူရိယဘက်မှ တောင်းဆိုလာပါသည်။ 


ကျွန်မ ဆုအိမ့်စံအနေဖြင့် ချစ်သူဖြစ်စဉ်ကနေ ယနေ့အချိန်ကာလအထိ သူရိယအပေါ်အား ဖောက်ပြန်ခြင်း၊ သစ္စာမဲ့ခြင်း ကျွန်မ၏ အပြစ် တစ်စုံတစ်ရာ မရှိပါဘဲ တဖက်သတ် ဖျက်သိမ်းခြင်းသာ ဖြစ်ပါသည်။


ထို့အတွက်ကြောင့် ကျွန်မ၏ အကျိုးဆောင်မှတဆင့် မင်္ဂလာပွဲကျင်းပရန် စီစဉ်ထားချက်အား အတည်ပြုပေးပါရန် (၁၆.၈.၂၀၁၉)တွင် notice စာ ပို့ခဲ့ပါသည်။ အဆိုပါ အကြောင်းကြားစာတွင် (၃၀.၈.၂၀၁၉)၌ နောက်ဆုံးထား၍ အကြောင်းပြန်ပေးပါရန်ပါရှိပါသည်။ ယနေ့ Myanmar Celebrity page တွင် လမ်းခွဲသည်ဟု ကြေညာခြင်းသည် သူရိယ၏ တဖက်သတ် ကြေညာခြင်းသာဖြစ်သည်။ ထိုသို့ တဖက်သတ် ကြေညာခြင်းအတွက် ကျွန်မဆုအိမ့်စံတွင် ဂုဏ်သိက္ခာနစ်နာမှုများစွာ ရှိပါသည်။ ထို့ကြောင့် ကျွန်မ၏ နစ်နာမှုများအတွက် တရားဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည် ” ဆိုပြီး ယမန်နေ့က ရေးသားခဲ့ပါတယ်။


တရားဝင်စေ့စပ်ပြီးမှ တရားဝင်လမ်းခွဲလိုက်တယ်လို့ တုန့်ပြန်လိုက်တဲ့ သူရိယရဲ့ စကားတွေကြောင့် ပရိသတ်တွေ ဝေခွဲမရဖြစ်နေပြီး စနောက်နေတာလား အတည်ပြောနေတာလားဆိုတဲ့ မေးခွန်းတွေလည်း မေးမြန်းနေကြတာကို တွေ့ရပြီး အားလုံးကတော့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းတွေကို အဆုံးမသတ်စေချင်ကြပါဘူး။ ဒါပေမဲ့ အခုချိန်မှာ ဆုအိမ်စံရဲ့ ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်ကြောင့် ပရိသတ်တွေ ဘာမှပြောလို့မရတော့ဘဲ ဘာဖြစ်လာဦးမယ်ဆိုတာကိုဘဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။