ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအစာ ၇ မျိုး

ဦးနှောက်ဆိုတာ သင့်ခန္ဓာကိုယ်မှာ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဦးနှောက်ကနေ ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်နေတာကြောင့် ဦးနှောက်မရှိဘဲ နေလို့မရပါဘူး။ သင့်နှလုံးခုန်ဖို့၊ အဆုတ်ကနေ အသက် ရှူနေဖို့၊ သင့်ရဲ့အတွေးတွေနဲ့ မှတ်ဉာဏ်တွေ၊ ခံစားချက်တွေကို ထိန်းချုပ်ဖို့ကအစ ဦးနှောက်မပါရင် မပြီးပါဘူး။ အဲဒါကြောင့် ဦးနှောက်ကျန်းမာရေးနဲ့ စိတ်ရွှင်လန်းနေရေးက အရေးကြီးပါတယ်။



ဦးနှောက်ကျန်းမာရေးအတွက် စားသင့်တဲ့အစားအစာတွေ ရှိသလို သင့်ဦးနှောက်ကို ဆိုးရွားစွာထိခိုက်စေတဲ့ အစားအသောက် တွေလည်း ရှိပါတယ်။ ဦးနှောက်ကို ထိခိုက်စေတဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင် မှတ်ဉာဏ်ကို ထိခိုက်စေတာမျိုး၊ တုံ့ပြန်မှုနှေးကွေးတာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုချဖို့အတွက် စွမ်းဆောင်ရည်နည်းပါးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဦးနှောက်ကျန်းမာရေးအတွက် မစားသင်တဲ့ ဦးနှောက်ကို ဆိုးရွားစေထိခိုက်စေတဲ့ အစားအစာ ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


၁။ အသွင်ပြောင်းထားတဲ့ အဆီများ



အဆီအားလုံးတော့မဟုတ်ပေမဲ့ အသွင်ပြောင်းထားတဲ့ ဆီတွေနဲ့ တချို့ဆီအမျိုးအစားတွေက ကိုယ်ကာယ ကျန်းမာရေးကို တင်မက ဦးနှောက်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အဲဒီလိုအသွင်ပြောင်းထားတဲ့ ဆီတွေကို အသားနဲ့ နို့ထွက်ပစ္စည်းလို တိရိစ္ဆာန်ထုတ်ကုန်တွေမှာ အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုအသွင်ပြောင်းဆီတိုင်းက အန္တရာယ်ရှိနေတာတော့ မဟုတ်ပါဘူး။



လူတွေအစားများတဲ့ မာဂျရင်း၊ မုန့်ဖုတ် ပစ္စည်းတွေ၊ အာလူးကြော်နဲ့ cracker မုန့်တွေ၊ ခဲထားတဲ့ ဒါမှမဟုတ် စည်သွပ်ထားတဲ့ အသားတွေ၊ ခရင်မ်များ တဲ့ ဖျော်ရည်တွေမှာ ပါဝင်တဲ့ Hydrogenated oil လို့ခေါ်တဲ့ ဆီမျိုးဟာ အယ်လ်ဇိုင်းမားနဲ့ စိတ်ဖောက်ပြန်ခြင်း တို့ကို ဖြစ်စေပြီး ဦးနှောက်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေနိုင်ပါတယ်။


၂။ သကြားဓာတ်များလွန်းတဲ့ သောက်စရာတွေ



ဆိုဒါ၊ sport drink၊ energy drink ခေါ် အားဖြည့်အချိုရည်နဲ့ တချို့သစ်သီးဖျော်ရည်တွေဟာ အာဟာရဓာတ် မရှိသလောက် နည်းပါးပါတယ်။ သကြားဓာတ်များလွန်းတဲ့ အဖျော်ယမကာတွေကို ပုံမှန်သောက်သုံးခြင်းက ကိုယ်ခန္ဓာကျန်းမာရေးနဲ့ ဆီးချို၊ သွေးတိုးရောဂါတွေကို ဖြစ်စေရုံတင်မက ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို လည်း နှေးကွေးစေပြီး ဦးနှောက်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။


၃။ ပြုပြင်မွမ်းမံထားတဲ့ မုန့်တွေ



ပေါင်မုန့်တွေ၊ ကိတ်မုန့်တွေဟာ ဂျုံနဲ့လုပ်ထားတာ မှန်ပေမဲ့ ပြုပြင်မွမ်းမံထားတာကြောင့် မူရင်းဂျုံရဲ့ အာဟာရတွေ မရှိတော့သလောက် ဖြစ်နေပါပြီ။ ဒါ့ပြင် အဲဒီလိုမုန့်တွေမှာ သကြားနဲ့ တခြားအရသာတွေ ထပ်ပေါင်းထား တာကြောင့် သင့်ဦးနှောက်ကျန်းမာရေးအတွက် မကောင်းပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ အဲဒီလိုမုန့်မျိုးတွေ အစားများလွန်းတဲ့ ကလေးတွေဟာ ဉာဏ်ရည်စစ်ဆေးတိုင်းတာမှုတွေမှာ အမှတ်နည်းလေ့ရှိပါတယ်။ လူကြီး တွေဆိုရင်လည်း သူငယ်ပြန်ခြင်းနဲ့ မေ့လွယ်ခြင်းတို့ကို ဖြစ်စေပါတယ်။


၄။ တာရှည်ခံအောင် ပြုပြင်စီမံထားတဲ့ ဒါမှမဟုတ် ထုပ်ပိုးထားတဲ့ အစားအသောက်တွေ



တာရှည်ခံအောင် ပြုပြင်စီမံထားတဲ့ ဒါမှမဟုတ် ထုပ်ပိုးထားတဲ့ အစားအသောက်တွေဟာ သဘာဝအစားအစာ ရဲ့ အရေးကြီးအာဟာရတွေမရှိတော့ဘဲ သကြား၊ အဆီနဲ့ ဆားတို့ကို အစားထိုးထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီလိုအစားအစာတွေဟာ သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဲဒါကြောင် အလွန်အကျွံ မစားသုံးမိဖို့ ပုံမှန်မစားမိဖို့ သတိပြုသင့်ပါတယ်။


၅။ အရက်



အရက်က ဦးနှောက်ကို ထိခိုက်စေတယ်ဆိုတာ အံ့သြစရာတော့မဟုတ်ပါဘူး။ အရက်မူးနေတဲ့သူတွေ ပေါက်ကရတွေ လုပ်တတ်တာကို ကြည့်ရင် သိသာပါတယ်။ တန်ဆေးလွန်ဘေးဆိုသလိုပဲ အရက်ကို အလွန် အကျွံသောက်သုံးမယ်ဆိုရင် ဦးနှောက်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ မေ့လွယ်တာ၊ အမြဲခေါင်းရှုပ်နေတာနဲ့ မတည်မငြိမ်ဖြစ်တာတို့ုလို လက္ခဏာရပ်တွေ ဖြစ်စေပါတယ်။


၆။ Mercury ဓာတ်များတဲ့ ငါးတွေ



ပုံမှန်ဆိုရင် ငါးတွေဟာ ကျန်းမာရေးအတွက်ကောင်းတဲ့ စားစရာတစ်မျိုးပါ။ ငါးမှာပါဝင်တဲ့ အဆီဓာတ်ဟာ စားသုံးပေးသင့်တဲ့ ကျန်းမာရေးကောင်းစေတဲ့ အဆီတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ညစ်ညမ်းသတ္တုဓာတ်တွေများပြီး အာရုံကြောကိုအဆိပ်ဖြစ်စေတဲ့ Mercury ဓာတ်မြင့်မားတဲ့ ငါးတွေကတော့ သင့်ကျန်းမာရေးကို ထိခိုက်စေပါ တယ်။


၇။ သကြားအစားထိုး  Aspartame



သကြားအစားထိုး artificial sweetener တစ်မျိုးဖြစ်တဲ့ Aspartame နဲ့ စီမံပြုလုပ်ထားတဲ့ မုန့်တွေစားသုံးမှု များလွန်းရင်လည်း ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေပါတယ်။


by Cherry Mon






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။