ဗောက်ထခြင်းနဲ့ ဦးရေပြားယားယံခြင်းကို ကုသဖို့ ချင်း (ဂျင်း) တစ်တက်ပဲ လိုပါတယ်

ဂျင်းဆိုတာဟာ အိန္ဒိယလူမျိုးတွေနဲ့ အာရှနိုင်ငံသားတွေ အသုံးများတဲ့ ဟင်းခတ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဂျင်းကို ဟင်းတွေနဲ့ အဖျော်ယမကာတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ ခပ်ပူပူအရသာရှိတဲ့ ချင်းဟာ အစာမကြေခြင်း၊ အအေးမိ ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကိုလည်း သက်သာစေတဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်ခု ပါ။ ဒါ့ပြင် ချင်းဟာ ရောဂါ ခုခံကာကွယ်ရေးစနစ်ကို ပိုတိုးစေသလို အရေပြားကိုလည်း ပိုကောင်းစေပါတယ်။



ချင်းကို အလှအပရေးရာအတွက်လည်း အသုံးပြုကြပါတယ်။ ချင်းဟာ ဗောက်ထခြင်းနဲ့ ဦးရေပြားယားယံခြင်းကို ကာကွယ် ကုသဖို့အတွက်လည်း ချင်းကအသုံးဝင်ပါတယ်။ ချင်းမှာ ဘက်တီးရီးယားကာကွယ်နိုင်တဲ့ ဓာတ်တွေ ပါဝင်တာကြောင့် အသားအရေနဲ့ ဦးရေပြားကို မှိုစွဲခြင်းနဲ့ ဘက်တီးရီးယားတွေရန်ကနေ ကာကွယ်ဖို့အတွက် ချင်းရည်ကို face mask နဲ့ hair mask တွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။



ချင်းရည်ဟာ သင့်ရဲ့ဦးရေပြားကို ကျန်းမာစေပြီး ဦးရေပြားယားယံခြင်းနဲ့ ဗောက်ထခြင်းကို ကုသရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ တချို့တွေဆိုရင် ချင်းကို ဆံပင်ကျွတ်သက်သာစေဖို့အတွက်လည်း အသုံးပြုကြပါတယ်။ ဒါပေမဲ့ သေချာတာ ကတော့ ချင်းဟာ ဗောက်ထခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ အဲဒါကြောင့် သင့်ရဲ့ဦးရေပြား ကျန်းမာရေးအတွက် ချင်းကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကို ဝေမျှပေးလိုက်ပါတယ်။


ဗောက်ထခြင်းနဲ့ ဦးရေပြားယားယံခြင်းအတွက် ချင်း hair mask



၁။ လတ်ဆတ်တဲ့ ချင်းတစ်တက်ကို ဆေးကြာသန့်စင်ပြီး ဓားထက်ထက်နဲ့ နုတ်နုတ်စင်းပါ။


၂။ နုတ်နုတ်စင်းထားတဲ့ ချင်းတွေကို ရေအနည်းငယ်နဲ့ရောပြီး မီးမျှင်းမျှင်းလေးနဲ့ ဆူအောင်တည်ပါ။ တဖြည်းဖြည်းနဲ့ ရေရဲ့အရောင်ဟာ စတင်ပြောင်းလဲလာပါလိမ့်မယ်။ မိနစ်အနည်းငယ်ကြာရင်တော့ ရေဟာ ရွှံ့ လို ညိုတိုတို ဒါမှမဟုတ် ကြည်လင်တဲ့ အဝါရောင်အဖြစ်ကို ပြောင်းလဲသွားပါလိမ့်မယ်။


၃။ အဲဒီအခါ ချင်းပြုတ်ရည်ကို သန့်စင်တဲ့ ဆန်ကာစစ်နဲ့ စစ်ပြီး အရည်ကိုပဲ စစ်ယူထားပါ။


၄။ အဲဒီချင်းပြုတ်ရည်ကို လုံးဝအေးသွားအောင်ထားပါ။


၅။ ချင်းပြုတ်ရည်အေးသွားပြီးဆိုရင် စပရေးဗူးသေးသေးလေးထဲ ထည့်ထားပါ။ အဲဒီချင်းပြုတ်ရည်ကို သင့်ဦးရေပြားဆီ တိုက်ရိုက်ဖျန်းပြီး အသုံးပြုပါ။


အဲဒီလို ဦးရေပြားမှာ ချင်းပြုတ်ရည်ကို ဖျန်းပြီး နာရီဝက်လောက်ထားပေးပါ။ ပြီးရင်တော့ ရေဆေးချပြီး သိပ်မပြင်းတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပေးပါ။ အဲဒီလိုမျိုး တစ်ပတ်မှာ တစ်ခါလောက် ပြုလုပ် ပေးပါ။ အရေပြားယားယံခြင်းအတွက် hair mask တင်မကဘဲ ဆီမှန်မှန်လိမ်းပေးဖို့နဲ့ နှိပ်နယ်ပေးဖို့လည်း လိုအပ်ပါတယ်။



by Cherry Mon



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။