ဘတ်စ်ကားပေါ်မှာ တွေ့ရတတ်တဲ့ အနှောင့်အယှက်ဖြစ်စရာ လူ ၇ မျိုး

လွတ်လပ်တယ်ဆိုတာ သူတပါးကို မထိခိုက်စေမှ စစ်မှန်တဲ့ လွတ်လပ်မှုဖြစ်တာပါ။ ဒါပေမဲ့ မသိနားမလည်တဲ့ မသိတတ်တဲ့ သူတချို့ကတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် နေတာ ဘယ်သူ့မှဂရုစိုက်ဘူးဆိုတဲ့ အထာ ဖမ်းတတ်ကြပါတယ်။ တစ်ခါတလေမှာ သူများကို ဂရုစိုက်ရမယ့် အရာတွေ ရှိနေပါတယ်။ အထူးသဖြင့် အများပြည်သူ သွားလာလှုပ်ရှားနေတဲ့ နေရာတွေနဲ့ အများသုံးယာဉ်တွေမှာပါ။



အများကို ဂရုမစိုက်လို့ ဘာဖြစ်သွားမလဲ? ဘာမှတော့မဖြစ်ပါဘူး။ အရွယ်ရောက်ပြီးမှ မသိတတ်တဲ့ သူအတွက် ဘယ်သူမှလည်း လာပြောနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်တာကြောင့် လူလိုမသိတတ်တဲ့သူ အဖြစ် ရောက်သွားသလို၊ အဆင့်အတန်းမရှိရာလည်း ရောက်သွားတတ်ပါတယ်။ အဲဒါကြောင့် အများသုံးယာဉ် တွေပေါ်မှာ တွေ့ရတတ်တဲ့ လူလို မသိတတ်တဲ့ လူ ၅ မျိုးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။



၁။ ဘတ်စ်ပေါ်မှာ သီချင်းကို နားကြပ်နဲ့ နားမထောင်ဘဲ စပီကာနဲ့ အကျယ်ကြီးဖွင့်တတ်သူတွေ



ဘတ်စ်ကားလို အများသုံးယာဉ်တွေပေါ်မှာ အဲဒီလိုလူမျိုးတွေ တွေ့ရတတ်ပါတယ်။ ကိုယ်နားထောင်ချင်တဲ့ သီချင်းကို နားကြပ်နဲ့ ကိုယ့်ဘာသာကိုယ် နားမထောင်ဘဲ စပီကာနဲ့ဖွင့်ပြီး အများကို နားဒုက္ခပေးတတ်သူတွေပါ။ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာဖွင့်တာ အကြောင်းမဟုတ်ပါဘူး။ အများပြည်သူအပန်းဖြေရာ ပန်းခြံလိုနေရာမျိုးမှာ ဖွင့်တာလည်း အကြောင်းမဟုတ်သေးပါဘူး။
ဒါပေမဲ့ အများပြည်သူသုံးတဲ့ ဘတ်စ်ကားပေါ်မှာဆိုရင်တော့ အဲဒီလိုဖွင့်တာဟာ အတော်လေးလူလိုမသိတတ် ရာ ကြပါတယ်။ ပိုဆိုးအောင်ပြောရရင် အဲဒီလိုဖွင့်တာကို တောဆန်တယ်လို့ ယူဆကြပါတယ်။ အခုခေတ်မှာ လူတိုင်းဖုန်းကိုင်နိုင်သလို ပြည်တွင်းပြည်ပ သီချင်းပေါင်းစုံကိုလည်း နေရာစုံကနေ ရယူနားဆင်နိုင်ပါတယ်။ အဲဒီ အတွက် ကိုယ့်ဖုန်းထဲက သီချင်းတွေကို လူသိအောင် ဖွင့်ပြစရာမလိုပါဘူး။ အရမ်းပေါလွန်းရာ ရောက်ပါတယ်။


၂။ အုပ်စုလိုက် ဆူညံပွက်လောရိုက်နေအောင် စကားအော်ပြောတတ်သူတွေ



လူငယ်တွေ အုပ်စုုလိုက် စနောက်ပျော်ပါးတာ အထူးအဆန်းမဟုတ်ပါဘူး။ ဘယ်သူမှလည်း မကဲ့ရဲ့ပါဘူး။ ပန်းခြံတွေထဲမှာ ဟေးလားဝါးလား ပျော်ပါးတာ၊ လမ်းသွားရင်း စနောက်တာလည်း အကြောင်းမဟုတ်သေးပါ ဘူး။ ဒါပေမဲ့ ဘတ်စ်ကားပေါ် အုပ်စုလိုက်တက်လာပြီး ကားပေါ်ကလူတွေကို နားဒုက္ခပေးတာကတော့ လူလို နားမလည်ရာ ကျပါတယ်။ ဘာမှဖြစ်မသွားပေမဲ့ အများကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ မိမိရဲ့ လွတ်လပ်မှုဟာ သူတပါးကို အနှောင့်အယှက်ဖြစ်စေတာဟာ မိမိအဆင့်အတန်းကို ဖော်ပြနေတာပါပဲ။


၃။ ၂ ယောက် ၃ ယောက် ထိုင်ရမယ့် ခုံမှာ တစ်ယောက်တည်း နေရာအရမ်းယူထိုင်နေတာ



တချို့ဆိုရင် ၂ ယောက် ထိုင်ခုံတွေမှာ တစ်ဖက်လူကို အားမနာဘဲ အရမ်းနေရာယူပြီး ဖြဲကားထိုင်တာမျိုး လုပ်တတ်ကြပါတယ်။ အထူးသဖြင့်ကတော့ ယောကျာ်းလေးတွေပါ။ ယောကျာ်လေးချင်းဆို ကိစ္စမရှိပေမဲ့ တစ်ဖက်က ထိုင်တဲ့သူက မိန်းကလေး ဖြစ်နေရင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ အဲဒီတစ်လမ်းလုံး တစ်ဖက်လူ အတွက် စိတ်အနှောင့်အယှက်ဖြစ်နေရရင် ကိုယ်က လူလိုမသိတတ်ရာ လူလိုနားမလည်ရာ ကြပါတယ်။ နှာဗူးလို့လည်း အထင်ခံရနိုင်ပါတယ်။ အဲဒါကြောင့် အရှက်ရှိတဲ့ အမျိုးသားတွေကတော့ အဲဒီအချက်ကို ဆင်ခြင်ကြမှာပါ။


၄။ သူတပါးရပ်နေတဲ့ နေရာကို ခြေထောက်ဆန့်ထုတ်တတ်သူ ဒါမှမဟုတ် သူများထိုင်ခုံပေါ် ခြေတင်တတ်သူ



အဲဒီလို အပြုအမူမျိုး လုပ်တဲ့သူကတော့ လူလိုမသိတတ်တာထက် ပိုပြီး ရိုင်းစိုင်းတဲ့အဆင့်အထိ ရောက်သွားပါပြီ။ တစ်ဖက်လူက ကြီးကြီးငယ်ငယ်က အဲဒီလို မလုပ်သင့်ပါဘူး။ ကိုယ့်ရှေ့မှာ မတ်တပ်ရပ်နေတဲ့သူ ရှိမှန်း သိရက်နဲ့ ထိုင်ခုံကနေ ခြေထောက်ကြီး ဆန့်ထုတ်ထားတာ ဒါမှမဟုတ် သူများထိုင်နေတဲ့ ထိုင်ခုံပေါ် ခြေတင် တာတွေဟာ အတော်လေး ရိုင်းစိုင်းတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။


၅။ မတ်တပ်ရပ်တဲ့အခါ သေချာမကိုင်ဘဲ လက်တစ်ဖက်က ဖုန်းသုံးပြီး ယိမ်းထိုးနေတတ်သူ



ဖုန်းတွေ အရမ်းသုံးလာကြတဲ့ခေတ်မှာ ကားစီးရင် လမ်းတွေပိတ်တာကြောင့် ဖုန်းသုံးတဲ့အလေ့အကျင့် ဖြစ်လာ ကြပါတယ်။ ထိုင်ခုံရလို့ သုံးတာ ကိစ္စမရှိပေမဲ့ မတ်တပ်ရပ်နေရက် သုံးတာမျိုးကတော့ တစ်ခါတရံမှာ သူများကို အနှောင့်အယှက် ဖြစ်စေသလို၊ မိမိကိုယ်တိုင်အတွက်လည်း အန္တရာယ်ရှိပါတယ်။ လက်တစ်ဖက်က ဖုန်းသုံးနေ တာကြောင့် လှုပ်ရမ်းနေတဲ့ ကားပေါ်မှာ သေချာကိုင်တွယ်မထားဘဲ လူကလည်း ယိမ်းထိုးနေတဲ့အခါ ဘေးဘီ က လူတွေကို ခဏခဏ သွားတွန်းတိုက်သလို ဖြစ်တဲ့အခါ တစ်ဖက်လူအတွက် အနှောင့်အယှက် ဖြစ်လာနိုင်ပါ တယ်။ တစ်ခါတရံက အကြောင်းမဟုတ်ပေမဲ့ အမြဲ သွားတိုက်နေရင်တော့ အတော်ဆိုးသွားပါပြီ။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်က သူများတကာကို အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင် လူလိုနားမလည်တဲ့ လူလိုမသိတတ်တဲ့ သူပါပဲ။


၆။ အဲကွန်းကားပေါ်မှာ ကားတံခါးဖွင့်စီးတတ်တဲ့သူ



Air-con ဖွင့်ထားရင် အခန်းထဲမှာဖြစ်ဖြစ်၊ ကားပေါ်မှာပဲဖြစ်ဖြစ် တံခါးတွေ အလုံပိတ်ထားမှ အေးတာပါ။ တစ်ခါ တလေ ဖွင့်ခါစဆိုရင် သိပ်မအေးဘဲ နည်းနည်းကြာတော့မှ ဖြည်းဖြည်းချင်း အေးလာတာမျိုးပါ။ အဲဒါကို အဲကွန်း မအေးလို့ဆိုပြီး ကားတံခါးဖွင့်စီးရင် ပိုဆိုးမှာပါ။ ဘတ်စ်ကားဆိုတာ ကိုယ်တစ်ယောက်တည်း စီးတာမဟုတ်ဘဲ အများနဲ့ စီးတာဖြစ်တဲ့အတွက် လူလိုနားလည်ဖို့ လိုပါတယ်။ အဲကွန်းကားဆိုတာ ကားတံခါးတစ်ပေါက်လောက် ဖွင့်ထားရုံနဲ့ မအေးတော့ဘဲ ပူသွားတာမျိုးပါ။ ကိုယ့်နားက တံခါးဖွင့်လိုက်လို့ ကိုယ်အေးသွားပေမဲ့ သူများတွေ အတွက် ပိုဆိုးသွားစေပါတယ်။ အဲဒါကြောင့် လူလိုနားလည်တဲ့ သူတွေဆိုရင် အဲကွန်းကားတွေပေါ်မှာ ပြတင်း ပေါက်ကို ဖွင့်မစီးကြပါဘူး။


၇။ မဆင်းသေးဘဲ အပေါက်ဝမှာ ပိတ်ရပ်နေတတ်သူ



တချို့တွေရှိပါတယ်။ ရှေ့မှတ်တိုင်မှာ မဆင်းသေးဘဲ အပေါက်ဝမှာ ပေပြီး ရပ်နေတဲ့သူမျိုး။ မိမိဆင်းမယ့်နေရာ ကလည်း မဝေးတာကြောင့် အထဲမဝင်တော့ဘဲ အပေါက်ဝမှာပဲ ရပ်နေကြတာပါ။ ဒါပေမဲ့ တကယ်ဆင်းရမယ့် သူတွေအတွက်တော့ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့ပြင် ကိုယ့်အတွက်နဲ့ သူများမဆင်းဖြစ်လိုက်ဘဲ မှတ်တိုင်ကျော်ပါသွားရင်တော့ ပိုဆိုးသွားပါပြီ။



by Cherry Mon


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။